မော်လမြိုင် ၊ ဒီဇင်ဘာ (၁၆)

စစ်တပ် အာဏာသိမ်းပြီး ၁၀ လကျော်ကာလအတွင်းမှာ မွန်ပြည်နယ်က လူမှုစီးပွား ထိခိုက်ကျဆင်းလာမှုနဲ့ အတူ လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပျောက်ဆုံးလာခဲ့ပါတယ်။

မွန်ပြည်နယ်အတွင်းက လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ပြီး ဝင်ငွေရှာနေကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းယူမှုနဲ့အတူ ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံခြားထွက်ခွင့်တွေ ကန့်သတ်မှုရှိနေလို့ ပြည်ပထွက်ပြီး အလုပ်လုပ်ဖို့  ပြင်ဆင်ထားတဲ့ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

“ မွန်မှာဆို လူငယ်တွေက နိုင်ငံခြားသွားပြီး အလုပ်လုပ်တာ များတယ်။ အခုက ဝင်ခွင့်တွေ ပိတ်လိုက်တော့ နိုင်ငံခြား သွားလို့မရဘူး။ အဲ့အခါကျတော့ အလုပ်အကိုင်တွေ မရှိတော့ဘဲ အဓိကတော့ အိပ်မက်တွေ ပျောက်သွားတာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ် အာဏာသိမ်းမှုကြောင့် ပြည်တွင်းမှာ စီးပွားရေး ကျဆင်းလာတဲ့အတွက် လုပ်ငန်းရှင်တွေက ဝန်ထမ်းလျော့ခဲ့လို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးသွားတဲ့ လူငယ်တွေလည်း အမြောက်အများ ရှိနေပါတယ်။   

အခုလို အခြေအနေတွေကြောင့် အချို့လူငယ်တွေဟာ အလုပ်အကိုင် အခွင့်အလမ်း ရရှိဖို့အတွက် ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်နေလို့ နေ့စဉ်နဲ့အမျှ ဖမ်းဆီးခံနေရတာလည်း ဖြစ်ပါတယ်။

မွန်ပြည်နယ်က အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု အခြေအနေနဲ့ ပတ်သက်ပြီး မော်လမြိုင်မြို့က လူငယ်တစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ အခုလို ပြောပါတယ်။

“ အလုပ်လိုချင်တဲ့ လူဦးရေက အရမ်းများတယ်။ဒါပေမဲ့ ပေးနိုင်တဲ့အလုပ်အရေအတွက်က အရမ်းနည်းတဲ့အခါကျတော့ အလုပ်မရဘူး။နောက်ထပ်တစ်ခါ ဒီဘက်က CDM လုပ်တဲ့ဝန်ထမ်းတွေအတွက်ဆိုလို့ရှိရင် အရမ်းခက်ခဲတယ်။သူတို့က CDM လုပ်ပြီးထွက်လိုက်တယ်။ဒါပေမယ့် ပြည်သူလူထုရဲ့ တစ်ချို့သော လုပ်ငန်းရှင်တွေရဲ့ ကြောက်ရွံ့မှုတွေရော၊စိုးရိမ်မှုတွေရှိတဲ့အတွက်ကြောင့်မို့ သူတို့အတွက် အလုပ်မရဘူး။ဒါကလည်း လူငယ်တွေရဲ့ အများကြီးထိတဲ့ အပိုင်းပေါ့။‌လောဆယ်မှာ အလုပ်ကလိုချင်တယ်၊ကြိုးစားပြီး လုပ်ချင်စိတ်ရှိပေမယ့် လုပ်စရာနေရာမရှိတဲ့ ပြဿနာကအများကြီး ဖြစ်နေတယ်”လို့ ဆိုပါတယ်။

စီးပွားရေး ကျဆင်းမှုတွေကြောင့် မွန်ပြည်နယ်အတွင်းက စက်ရုံ၊ အလုပ်ရုံတွေနဲ့ လုပ်ငန်းအများစု ပိတ်သိမ်းလာတဲ့အတွက်ကြောင့်လည်း လူငယ်တွေရဲ့ အလုပ်အကိုင် ရရှိရေး မျှော်လင့်ချက်က ပိုမို ဝေဝါး လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လူငယ်တွေဟာ သူတို့ သင်ယူထားတဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်အတွက်ပင် အလုပ်လုပ်စရာနေရာ မရှိတဲ့ အခက်အခဲကို ကြုံတွေ့နေကြရပြီး ဖြစ်ပါတယ်။

တဖက်မှာလည်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုနဲ့အတူ ဝင်ငွေ မရှိနေတဲ့အတွက်ကြောင့် မိသားစု ဝမ်းရေးပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.