မော်လမြိုင် ၊ ဒီဇင်ဘာ (၅)

ဖုန်းခေါ်ဆိုခနဲ့ အင်တာနက် ဒေတာ ဈေးနှုန်း မြင့်တက်သွားရင် တစ်နေ့လုပ် တစ်နေ့စား အခြေခံ လူတန်းစားတွေ အနေနဲ့ မိုဘိုင်းဖုန်း သုံးစွဲ ဖို့ပင် အခက်အခဲ ရှိလာနိုင်တယ်လို့ အခြေခံလူတန်းစားတွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဖုန်းခေါ်ဆိုခနဲ့ အင်တာနက် ဒေတာ ဈေးနှုန်းတွေ ပြောင်းလဲ သတ်မှတ်ဖို့ အခုရက်ပိုင်းအတွင်း ညွှန်ကြားထားတာ ဖြစ်ပါတယ်။

 အခုလို နိုင်ငံရေး အခြေအနေတွေကြောင့် စီးပွားရေး ကြပ်တည်းနေတဲ့ ကာလမှာ ဖုန်းခေါ်ဆိုခနဲ့ အင်တာနက် ဒေတာ ဈေးနှုန်းတွေ မြင့်တက်လာရင် ဖုန်းသုံးစွဲနိုင်တော့မှာ မဟုတ်တော့ဘူးလို့ အခြေခံလူတန်းစား ပြည်သူ တစ်ဦးက အခုလို  ပြောပါတယ်။

 “ကျွန်တော်တို့က ဘယ်လိုပြောမလည်း တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေလေ၊ အခုဒီလိုမျိုး မီဂါပိုက် တွေဟာ အရင်တုန်းကဆိုရင် 1GB ကို တစ်ထောင်နဲ့ ဝယ်ရတယ် ကျွန်တော် ကြည့်နိုင်တယ်၊ အခုဟာက ၄၀၀မီဂါပိုက် ကျော်ကျော်မှာပဲ တစ်ထောင်ဆိုတော့ ကျွန်တော် အနေနဲ့ကတော့ မီဂါပိုက်ကို ဒေတာကို မသုံးတော့ဘူး ရပ်နားပြီး၊ ဖုန်းလည်း ဒီအတိုင်းပဲ အရင်ကဆို ကျွန်တော်ပြောတယ် အခုနောက်ပိုင်းဆို ကျွန်တော် မပြောတော့ဘူး၊ ဘာကြောင့်လည်း ဆိုတော့ ဒီနှုန်းထားနဲ့ စီးပွားရေး ကြပ်တည်းတဲ့ အနေအထားနဲ့ ကျွန်တော် လုံးဝ မခံစားနိုင်ဘူး၊ မတတ်နိုင်ဘူး၊ ကျွန်တော်တို့လို တစ်နေ့လုပ် တစ်နေ့စား သမားတွေကျတော့ တော်တော်လေးကို အကြီးအကျယ်ကို ထိခိုက်တယ်”လို့ ဆိုင်ကယ် Taxi မောင်းနှင်သူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ အခုအစီအစဉ်ဟာ ပြီးခဲ့တဲ့ နဝတ၊ နအဖ ခေတ်တွေတုန်းကလည်း မိုဘိုင်းဖုန်းတွေကို လူတန်းစာအလွှာပေါင်းစုံ မသုံးနိုင်အောင် လုပ်ဆောင်တာ ဖြစ်ပြီး၊ ခေတ်နောက်ပြန်ဆွဲနေတာလို့ ပြည်သူတွေက ဝေဖန်လိုက်ပါတယ်။

ဖုန်းခေါ်ဆိုခနဲ့ အင်တာနက် ဒေတာ ဈေးနှုန်း ဘယ်လောက် ပြောင်းလဲသတ်မှတ်မယ်ဆိုတာကတော့ လက်ရှိအချိန်ထိ သက်ဆိုင်ရာ အော်ပရေတာတွေက အသိပေးလားခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာတော့ MPT ၊ တယ်လီနော၊ အော်ရီဒူးနဲ့ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေး အော်ပရေတာတွေ ရှိနေတာ ဖြစ်ပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.