မော်လမြိုင် ၊ ဒီဇင်ဘာ (၅)

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့နဲ့ အကျဉ်းထောင်တွေမှာ လာဘ်စားမှုတွေကို  ပြောင်ပြောင်ထင်ထင် ကျူးလွန်းလာတာ ဖြစ်ပါတယ်။ 

အကျဉ်းထောင်တွေထဲမှာတော့ လာဘ်စားမှုကို အောက်ခြေဝန်ထမ်းကနေ ထောင်ပိုင်အဆင့်ထိ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ဘက်မှ ရဲတပ်သားကနေ ရဲမှူးကြီးအဆင့်ထိ လာဘ်စားလာခဲ့တယ်လို့ ကြုံတွေ့ခဲ့သူတွေက ပြောပါတယ်။

အကျဉ်းထောင်တွေထဲမှာတော့ အကျဉ်းသား၊အချုပ်သားတွေဆီကနေ နည်းမျိုးစုံနဲ့ ငွေကြေးတွေ တောင်းယူလာတယ်လို့ ပြန်လည် လွတ်မြောက်လာတဲ့ အကျဉ်းသား တစ်ဦးက ပြောပါတယ်။

“ အလုပ်တွေ မလုပ်ချင်လည်းရတယ်။ ထောင်ပိုင်တွေကို ပိုက်ဆံပေးရတာပေါ့။ ပိုက်ဆံရှိတဲ့သူတွေကျ ပေးလိုက်တယ်။ မရှိတဲ့သူတွေကျ ဘာမှမတတ်နိုင်ဘူး ၊ သူတို့ဆို ပိုဖိခံထိတယ်” လို့ ဆိုပါတယ်။

အကျဉ်းထောင်တွေထဲမှာတော့ အလုပ်မလုပ်ရဖို့အတွက် ငွေကြေး ပေးရသလို မိသားစုနဲ့ တွေ့ခွင့်ရဖို့ အပါအဝင် ပါဆယ် ပစ္စည်းပို့တာကအစ ငွေကြေးတောင်းယူလာတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဘက်မှာတော့ အမှု တိုင်ကြားတာပဲ ဖြစ်စေ၊ အမှုမဖွင့်ခံရဖို့ဖြစ်စေ သိန်းနဲ့ချီပြီး ငွေကြေးတွေ ပေးဆောင်နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် နစ်နာသူဘက်က အမှုဖွင့်တိုင်ကြားတဲ့ အမှုတွေကိုဆိုရင် ရုံးစရိတ်အတွက်ဆိုပြီး ငွေကြေးတောင်းယူတာတွေ ရှိနေတယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက အခုလို  ပြောပါတယ်။

 “ ပြီးခဲ့တဲ့နှစ်တွေကဆို တော်ရုံတန်ရုံ မတောင်းရဲကြဘူး ။ ဘာလုပ်ပေးမယ် ဘယ်လိုလုပ်ပေးမယ် ပိုက်ဆံပေးပါ ဘာညာပေါ့။ အခုဆိုရင်တော့ ဘယ်လောက်ပေးမှ ဘာလုပ်ပေးမယ်ဆိုပြီး တောင်းလာတာတွေ ရှိတယ်။ ငါးသောင်းပေးပါ တစ်သိန်းပေးပါ အဆင်ပြေအောင် လုပ်ပေးပါမယ်ဆိုပြီး တောင်းလာတာတွေရှိတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လာဘ်စားမှုတွေကို ဥပဒေအတိုင်း အရေးယူသွားမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ 

ဒါပေမယ့် စစ်တပ် အာဏာသိမ်ပြီး ၁၀ လကျော်တဲ့အထိ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာတွေရဲ့ လာဘ်စားမှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ အရေးယူတာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.