မော်လမြိုင် ၊ ဒီဇင်ဘာ (၂)

မော်လမြိုင်မှာ Safe City လို့ ခေါ်တဲ့ CCTV တပ်ဆင်နေတဲ့ စီမံကိန်းဟာ အာဏာသိမ်း စစ်ကောင်စီက အမြန်ဆုံးပြီးစီးအောင် အကောင်အထည် ဖော်နေတဲ့ စီမံကိန်း တစ်ခု ဖြစ်ပါတယ်။

 လက်ရှိမှာတော့ စစ်ကောင်စီဟာ မော်လမြိုင်မြို့ရဲ့ အဓိကကျတဲ့ နေရာတွေ၊ ဌာနဆိုင်ရာရုံးအနီးတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ CCTV ကင်မရာတွေကို စတင် တပ်ဆင်နေပြီး ဖြစ်ပါတယ်။

 ဒီစီမံကိန်းပြီးစီးသွားရင် စစ်ကောင်စီဟာ အများပြည်သူတွေကို CCTV ကင်မရာကနေ စောင့်ကြည့်ပြီး နည်းလမ်းမျိုးစုံသုံးပြီး ဖမ်းဆီးလာနိုင်တဲ့အတွက်ကြောင့် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်တွေ ထိခိုက်လာနိုင်တယ်လို့ မြို့ခံ တစ်ဦးက အခုလို ပြောပါတယ်။  

“CCTV တပ်ပြီးတော့ ဒီအတိုင်း စောင့်ကြည့်တာ ကျတော့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ လွတ်လပ်ခွင့်တွေ အဓိကတော့ လွတ်လပ်ခွင့်တွေ လျော့သွား မှာကိုပဲ စိုးရိမ် တာပေါ့နော်၊ ပုံမှန်အားဖြင့် ဒီအတိုင်း ဖောက်ခွဲရေးတွေ အကြမ်းဖက်တဲ့ နည်းလမ်းတွေ ဖြစ်လာတာတော့ တစ်မျိုးပေါ့၊ အဲ့လိုမဟုတ်ဘဲနဲ့ ဒီအတိုင်း CCTVနဲ့ ရှိသမျှ လူတွေ အကုန်လုံးကို စောင့်ကြည့်ပြီးတော့ လုပ်ချင်တာ လုပ်မယ်၊ ဒါမှမဟုတ် ပုဒ်မ တပ်ချင်တာ တပ်မယ် အဲ့လိုပုံစံမျိုး လုပ်တဲ့အခါ ကျရင်တော့ အားလုံးအတွက် ခက်ခဲသွားမယ် ဆိုတဲ့ဟာမျိုးကတော့ ရှိတယ်၊ နောက်တစ်ခုက CCTVက သူတို့ လက်ထဲမှာပဲ ရှိတယ်ဆိုရင် ဥပမာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လူငယ်တွေဆိုရင် သူတို့က လုပ်ချင်ရာ လုပ်သွားမယ် တံဆိပ် ကပ်ချင်သလို ကပ်မယ် အဲ့လိုပုံစံမျိုးလည်း စိုရိမ်းရတယ်”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

 မော်လမြိုင်မှာ တပ်ဆင်နေတဲ့ CCTV ကင်မရာတွေဟာဆိုရင် လူတွေကိုမှတ်သား နိုင်တဲ့ ကင်မရာတွေနဲ့ ကားနံပါတ် ဖတ်လို့ရတဲ့ ကင်မရာတွေအပြင် (၃၆၀)လှည်ပတ် ကြည့်နိုင်တဲ့ ကင်မရာတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် CCTV တပ်ဆင်နေတဲ့ စီမံကိန်းဟာ စစ်ကောင်စီက လုံခြုံရေး အတွက် တပ်ဆင်တာ မဟုတ်ဘဲ ပြည်သူတွေကို ဖမ်းဆီးဖို့ တပ်ဆင်တာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ လုံခြုံမှုကို မခံစားရဘူးလို့ မြို့ခံ တစ်ဦးက ပြောပါတယ်။

 “CCTV ကတော့ ပုံမှန်အခြေအနေမှာ လုံခြုံရေးအတွက် ကောင်းပါတယ်၊ အခု ကြားတာကတော့ စစ်ကောင်စီက လိုက်တက်နေပြီး ဆိုတော့ ပြည်သူတွေကို ဒုက္ခပေးဖို့က လွဲပြီးတော့ တခြားဘာမှ မရှိဘူး၊ လုံခြုံရေးအတွက် လုပ်တာ ဘယ်တော့မှ မရှိသေးဘူးလေ၊ ပြည်သူတွေကို ဖမ်းမယ် ဆီးမယ် သတ်ဖြတ်မယ် ဒါကလွဲလို့ သူတို့လုပ်မှာ မဟုတ်ဘူး၊ အပြစ်မရှိတဲ့ ပြည်သူတွေကို ဖမ်းဖို့ဆီးဖို့ သူတို့က လုပ်တာ ဒီဒုစရိုက်သမားတွေ ခိုးမယ့်ဝှက်မယ့် သူတွေ ဖမ်းဖို့သူတို့က လုပ်တာမဟုတ်တဲ့အတွက် ပြည်သူတွေ အတွက် ဒါက ပိုပြီးတော့ လုံခြုံမှု ပိုပျက်ပြား သွားမယ်လို့ ကျွန်တော်မြင်တယ်”လို့ ဒေသခံ လူငယ် တစ်ဦးက ပြောပါတယ်။

 မော်လမြိုင်မှာ တပ်ဆင်နေတဲ့ CCTV စီမံကိန်းဟာ အခုလအတွင်း ကင်မရာတပ်ဆင်မှု ပြီးစီးတော့မှာ ဖြစ်ပြီး မကြာမီကာလအတွင်း အများပြည်သူတွေရဲ့ လှုပ်ရှားသွားမှုကို စတင်စောင့်ကြည့်တော့မှာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အများပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုကို စောင့်ကြည့်ဖို့အတွက် CCTV ကင်မရာ ထိန်းချုပ်စင်တာကို မွန်ပြည်နယ် အစိုးရရုံးထဲမှာ တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

မော်လမြိုင်မြို့က CCTV တပ်ဆင်နေတဲ့ စီမံကိန်းကိုတော့ စစ်တပ်နဲ့ နီးစပ်တဲ့ နောင်ရိုးကုမ္ပဏီနဲ့ FISCA ကုမ္ပဏီတို့က တင်ဒါအောင်မြင်ထားပြီး လုပ်ငန်း အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.