ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၅

မလေးရှားနိုင်ငံသည် လာမည့်လအတွင်း ကျင်းပမည့် Squash (စကွပ်ဂိမ်း – လေးဘက်လေးတန်အခန်း တွင် ဘောလုံးကို ဘက်တန်ဖြင့် ရိုက်သည့် အားကစားနည်းတမျိုး)အားကစားပြိုင်ပွဲကြီးသို့ ပါဝင်ယှဥ် ပြိုင်မည့် အစ္စရေးနိုင်ငံကိုယ်စားပြုကစားသမားများကို ဗီဇာပေးရန် ငြင်းဆိုထားပါသည်ဟု အားကစားပွဲ ကြီးကြပ်ရေးအဖွဲ့ က ပြောကြားခဲ့သည်။ 

အစ္စရေးနိုင်ငံနှင့် သံခင်းတမန်ခင်း ဆက်ဆံရေးမရှိသော အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံသည် တဖက် နိုင်ငံမှ (အစ္စရေးနိုင်ငံ) လာရောက်ကြမည့် အားကစားသမားများကို ပိတ်ပင်တားဆီးသည့် နောက်ဆုံးပေါ် ဖြစ်ရပ်တစ်ခုဖြစ်သည်။ 

World Team Championship (အမျိုးသားသီးသန့်ပွဲစဥ်များ) ကို ပြိုင်ပွဲဝင် အသင်း ၂၆ သင်းဖြင့် ဒီဇင်ဘာ ၇ ရက်နေ့မှ ၁၂ ရက်အထိ မလေးရှားနိုင်ငံတွင် ကျင်းပသွားရန်ရှိသည်။ 

ကမ္ဘာလုံးဆိုင်ရာ Squash အားကစားအဖွဲ့ချုပ်က “လက်ရှိဖြစ်နေတာကို နားလည်ထားသည်မှာ မလေး ရှားအာဏာပိုင်များက အစ္စရေး Squash အသင်းကို ပြည်ဝင်ခွင့် ဗီဇာပေးဖို့အတွက် ယခုအချိန်ထိတိုင် လက်ခံပေးခြင်းမရှိဟူသော အခြေအနေပင်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။ 

“ကမ္ဘာလုံးဆိုင်ရာ Squash အားကစားအဖွဲ့ချုပ်အနေဖြင့် ပါဝင်ယှဥ်ပြိုင်လိုသော အဖွဲ့ဝင်နိုင်ငံများ အားလုံးပါဝင်နိုင်ခြင်းအားဖြင့် ပွင့်လင်းသော၊ အားလုံး အကျုံးဝင်သော ကမ္ဘာ့ချန်ပီယံပွဲစဥ်များကို ကျင်းပနိုင်ရေးဟူသော အခြေခံသဘောတရားကို ကတိကဝက်ပြုထားသည်” ဟု AFP သို့ ပေးပို့သော ၎င်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကမ္ဘာလုံးဆိုင်ရာ Squash အားကစားအဖွဲ့ချုပ် (WSF) အနေဖြင့် မလေးရှား Squash အားကစားအဖွဲ့ နှင့်ဆက်သွယ်ရာတွင် “သင့်တင့်မျှတသော လက်တွေ့ကျသော ဖြေရှင်းချက်ကို ရရှိနိုင်မည်” ဟု မျှော်မှန်း ရပါကြောင်းဟူ၍လည်း ဖြည့်စွက်ပြောကြားခဲ့သည်။ 

အစ္စရေး Squash အားကစားအဖွဲ့ အနေဖြင့် ထိုကိစ္စကို WSF မှ ဖြေရှင်းနိုင်ခြင်းမရှိပါလျှင် ဆွစ်ဇာလန်နိုင်ငံရှိ အားကစားရေးရာ ခုံသမာဓိရုံးတော် သို့ တင်ပြတောင်းဆိုရန် စီစဥ်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် အစ္စရေး Squash အားကစားအဖွဲ့ ဥက္ကဌ Aviv Bushinsky က “သူတို့တွေ အားကစားကိစ္စ တွေနဲ့ နိုင်ငံရေးကိစ္စတွေကို ရောထွေးတာက သိပ်ရှက်စရာကောင်းပါတယ်” ဟု AFP သို့ ပြောကြားခဲ့သည်။

“သူတို့က မျက်လုံးတွေပိတ်ထားကြတယ် နောက်တော့ ပါဝင်ကြမယ့် နိုင်ငံအားလုံးက ဒီအခြေအနေကို ဖြစ်ခွင့်ပေးလိုက် မယ်ဆိုရင် အားကစားမှာ လူမျိုးရေးအစွန်းရောက်ခြင်းတွေ၊ ခွဲခြားသတ်မှတ်ခြင်း တွေကို နေရာယူဖို့ ခွင့် ပြုပေးသလိုဖြစ်သွားမှာပါ” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

မလေးရှားနိုင်ငံကိုယ်စားပြု Squash အားကစားအဖွဲ့အနေဖြင့် မှတ်ချက်တစုံတရာပေးရန် ငြင်းဆိုထား ပါသည်။ 

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ခရီးသွားကန့်သတ်ချက်များကြောင့် ထိုပြိုင်ပွဲကြီးကို ယခုနှစ်အစောပိုင်းတွင် နယူးဇီလန်နိုင်ငံမှ မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းကျင်းပဖို့ ဖြစ်လာခဲ့သည်။ 

၂၀၁၉ ခုနှစ်တွင်လည်း မလေးရှားနိုင်ငံသည် အစ္စရေးအားကစားသမားများ ပါဝင်ခြင်းကို ငြင်းဆိုသည့် အတွက် ခြိမ်းခြောက်မှုတစ်ရပ်အနေဖြင့် ကမ္ဘာ့ချန်ပီယံအဆင့် မသန်စွမ်းရေကူးပြိုင်ပွဲ လက်ခံကျင်းပရန် အခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်။ 

ထို့အပြင် ၂၀၁၅ ခုနှစ်တွင်လည်း မလေးရှားအာဏာပိုင်များသည် လန်ကာဝီကျွန်းတွင် ကျင်းပ သော  ပြိုင်ပွဲ၌ အစ္စရေးနိုင်ငံကိုယ်စားပြု ပင်လယ်လှိုင်းစီးအားကစားသမားများ (Windsurfers) ကို ဗီဇာပေးရန် ငြင်းဆိုခဲ့ပြီးနောက် အဆိုပါ အားကစားသမားများ ပြိုင်ပွဲမှ စွန့်ခွာခဲ့ရသည်။

Malay – Muslim ၆၀ ရာခိုင်နှုန်းခန့် နေထိုင်သော မလေးရှားနိုင်ငံသည် ပါလက်စတိုင်းအကြောင်းဆို လျှင် ကြည်ကြည်ဖြူဖြူဖြင့် ကျယ်ကျယ်ပြန့်ပြန့် လက်ခံဆောင်ရွက်ပေးတတ်သလို  အစ္စရေးနိုင်ငံကူး လက်မှတ်ဖြင့် နိုင်ငံအတွင်းသို့ ဝင်ရောက်ကြမည့်သူများကို ပိတ်ပင် တားမြစ်ထားသည်။  

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.