တနင်္သာရီတိုင်းက စစ်ဘေးရှောင်များ

မော်လမြိုင် ၊ နိုဝင်ဘာ (၁၄)

ဖာပွန်ခရိုင်က နေရပ် မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေမှာ ငှက်ဖျားနဲ့ ဝမ်းလျှောရောဂါတွေ ခံစားနေရတဲ့အတွက်ကြောင့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီသူတွေက ပြောပါတယ်။

ဖာပွန်ခရိုင်ထဲမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၃ သောင်းဝန်းကျင်လောက်ဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက်ကြောင့် နေရပ်မပြန်ရဲကြသေးလို့ တောတောင်တွေထဲမှာ ပုန်းခိုနရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တောတောင်တွေထဲမှာ ပုန်းခိုနေရတဲ့ စစ်ရှောင်ပြည်သူတွေ ရာသီအပြောင်းအလဲကာလမှာ ဖျားတာ၊ နာတာ၊ ငှက်ဖျားရောဂါနဲ့ ဝမ်းလျှောရောဂါတွေကို ခံစားနေရပါတယ်။

အခုအခါမှာတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူ တစ်ဦးက အခုလို ပြောပါတယ်။

“အခုဆောင်းတွင်းရောက်ပြီး မိုးတွေကလည်းရွာသေးတယ်။ မိုးရွာတိတ်တာနဲ့ အအေးဓာတ်ကလည်းဝင်လာတယ်။ ချောင်းဆိုး နှာစေး ကိုယ်ပူတာတို့ ပြီးတော့ ခြင်တွေကလည်း အရမ်းကိုက်တယ်။ ငှက်ဖျားပိုးကလည်း ရှိတဲ့လူလည်းရှိတယ်။ ဝမ်းလျှောတဲ့လူလည်းရှိတယ်။ ရောဂါအမျိုးမျိုးနဲ့ ရင်ဆိုင်ရတယ်။ သူတို့အတွက်လည်း ဆေးဝါးတွေလိုအပ်တာရှိတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက်ကြောင့် အခြေခံစားသောက်ကုန် လိုအပ်ချက်တွေလည်း မြင့်မားလာတာ ဖြစ်ပါတယ်။

 ဖာပွန်ခရိုင်အတွင်း စစ်ဘေးရှောင်ရတဲ့လူတွေထဲမှာ အမျိုးသမီးကိုယ်ဝန်ဆောင်ဦးရေ ၃၀၀ ကျော်ကနေ ၄၀၀ ကျော်အထိရှိနေပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အစာအာဟာရဓာတ်ပြည့်ဝဖို့အတွက် အစားအသောက်နဲ့ ဆေးဝါးလိုအပ်ချက်ရှိနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ဆိုပါတယ်။

 “ကိုယ်ဝန်ဆောင်ပြီးပြေးနေရတာဆိုတော့ သူတို့မှာ အာဟာရဓာတ်တွေလိုမယ်။ စားဖို့အာဟာရ ဓာတ်တွေလိုမယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဆေးဝါးတွေဘာတွေလိုအပ်တယ်ပေါ့နော်။ သူတို့ပြေးနေရတယ်။ အစားအသောက်လည်းပုံမှန်မစားရဘူး။ ငတ်ငတ်ပြတ်ပြတ်ပဲ စားနေရတာ ဆိုတော့ သူတို့အတွက် အာဟာရရှိမယ့်အစားအစာတွေတော့ သူတို့အတွက်လိုအပ်တယ်ပေါ့နော်” လို့ ဆိုပါတယ်။

လက်ရှိမှာ ဖာပွန်ခရိုင်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကလေးငယ်တွေမှာလည်း ပညာသင်ယူခွင့် ဆုံးရှုံးနေတာ ဖြစ်ပါတယ်။

 ဖာပွန်ခရိုင်ထဲက စစ်ရှောင်တွေဆီကို သွားရောက်ကူညီထောက်ပံ့မှုအပိုင်းမှာလည်း လမ်းခရီးအခြေအနေကြောင့် သွားလာရေး အခက်အခဲတွေကြုံတွေ့နေရတာ ဖြစ်ပါတယ်။

 ဒါ့ကြောင့် စစ်ရှောင်ပြည်သူတွေဟာ အစားအသောက်၊ ကျန်းမာရေး အကူအညီတွေ လိုအပ်နေတာကြောင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြဖို့ စစ်ရှောင်အရေးကူညီနေသူတွေ တိုက်တွန်း ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.