မော်လမြိုင် ၊ နိုဝင်ဘာ (၁၃)

 မွန်ပြည်နယ်မှာတော့ အခုနှစ် ဆောင်းရာသီမှာ ပဲစိုက်ဖို့အတွက် ပဲစိုက်တောင်သူတွေက အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပါတယ်။

ပဲစိုက်တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆေးဝါးနဲ့ ဓာတ်မြေသြဇာ ဈေးနှုန်းမြင့်တက်လာတာ၊ စက်သုံးဆီ ဈေးနှုန်းကြီးမြင့်နေတာ၊ တန်ဆောင်မုန်းလဆန်းမှာ မိုးရွာသွန်းခဲ့တာကြောင့် မြေဆီလွှာမခြောက်လို့ ထွန်းယက်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတာပါ။

တဖက်မှာတော့ ပဲစိုက်တောင်သူတွေဟာ ပဲမျိုးစေ့အတွက် ဈေနှုန်း ၂ ဆ နီးပါး ပေးဝယ်ပြီး ပြန်လည် စိုက်ပျိုးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မွန်ပြည်နယ် ပဲနှမ်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ပဲစိုက်တောင်သူဟာ မနှစ်ကဆိုရင် သိပ်ပြီး ဈေးနှုန်း မရရှိပါဘူးဗျ ပြောရင်လေ၊ ဘာဖြစ်လည်းဆို အဲ့ဒီအချိန်တုန်းက သွားလာမှု ခက်ခဲတယ်၊ နိုင်ငံရေးကလည်း ဒီဘက်မှာ အချိန်းအပြောင်း ဖြစ်တော့ ဒီဘက်ခြမ်းမှာ ဆိုတော့ ပဲကလည်း ဝယ်တဲ့သူတောင် ဝယ်မရဲတဲ့ အဖြစ် ဖြစ်တယ်ဗျာ၊ အဲ့တာကြောင့်မို့ ပဲစိုက်တောင်သူကလည်း ရောင်းခဲ့တုန်းကလည်း ဒီဈေးနှုန်းတွေ မဟုတ်ပါဘူး၊ အခုပြန်ဝယ်ရတဲ့ အချိန်က (၂)ဆပုံစံမျိုး ပေးရတဲ့ အတိုင်းအတာ လောက်ထိကို ဖြစ်သွားတယ် ဈေးနှုန်းကလေ”လို့ ပဲရောင်းဝယ် လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

 လက်ရှိမှာတော့ ပဲဈေးနှုန်းဟာ တစ်တင်းကို ကျပ် ၅၀၀၀၀ ကျော် ပေါက်ဈေးရှိနေတာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ပဲထွက်ရာသီမှာတော့ ပဲတစ်တင်း ကျပ် ၃၀၀၀၀ နီးပါသာ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် ပဲထွက်ရာသီမှာ ပဲဈေးနှုန်း ဆက်တိုက်ကျဆင်းလာမှာကို တောင်သူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

 မွန်ပြည်နယ်မှာတော့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုတ်နဲ့ ပဲတီစိမ်းရွှေဝါတို့ကို အဓိက စိုက်ပျိုးနေတာ ဖြစ်ပြီး ထွက်ရှိလာတဲ့ ပဲတွေကိုတော့ အိန္ဒိယနိုင်ငံကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.