ဘန်ဒါဆီရီဘီဂါဝန်၊ အောက်တိုဘာ ၂၉

၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ကိုဗစ် ၁၉ အလွန် ပြန်လည်နာလန်ထူရေးနှင့် ဒေသတွင်း လူမှုအသိုက်အဝန်း ပြန်လည် တည်ဆောက်နိုင်ရေးအတွက် အထောက်အကူအပြုကြရန် ကတိကဝတ်များချမှတ်၍  အောက်တိုဘာ ၂၈ ရက်နေ့တွင် အနှစ်ချုပ်အဆုံးသတ်ခဲ့ပါသည်။ 

၂၀၂၁ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဌ ဘရူနိုင်း ဘုရင် Haji Hassanal Bolkiah ၏ နှုတ်ဆက်အမှာ စကားတွင် အဖွဲ့ဝင် ဆယ်နိုင်ငံ၏ ခေါင်းဆောင်များသည် ဒေသတွင်း၏ လက်ရှိအခြေအနေနှင့် အနာဂတ် လားရာတွေအတွက် ကောင်းမွန်ဖြစ်ထွန်းမှုရှိအောင် ဆွေးနွေးခဲ့ကြသလို (အာဆီယံ) ပြင်ပ မိတ်ဖက်များနှင့် လည်း ဆက်ဆံရေးများကို ပိုမိုတိုးမြှင့်ရန် နည်းလမ်းများကို စဥ်းစားနိုင်ခဲ့ကြသည် ဟုပါရှိသည်။ 

အထူးသဖြင့် ကူးစက်ပိုးဗီဇများ အသစ်ဖြစ်ပေါ်လာခြင်းနှင့်အတူ ကိုဗစ် ၁၉ ကပ်ဘေးကို ဆက်လက်ရင်ဆိုင်ဖို့ ဒေသတွင်းစီးပွားရေးကို ထိန်းကျောင်းနိုင်ရန် အာဆီယံဘက်စုံပူးပေါင်းမှုဆိုင်ရာ မူဘောင်အပေါ် အခြေခံ ၍  အဖွဲ့ဝင်နိုင်ငံများအတွင်း လုံခြုံစိတ်ချရသော ကာကွယ်ဆေးများကို ထောက်ပံ့ခြင်းနှင့် အသက်စည်းစိမ်း ကာကွယ်ခြင်းများကို ကူညီလုပ်ဆောင်သွားကြရန် ပါရှိသည်။ ထို့အပြင် ကိုဗစ် ၁၉ ကပ်ဘေးကို တုံ့ပြန်ဖို့နှင့် ပြန် လည် နာလန်ထူနိုင်ဖို့ အစွမ်းကုန် ရှေ့တိုးဆောင်ရွက်သွားမည်ဟုလည်း ဘရူးနိုင်း ဘုရင်မှ ပြောကြားခဲ့သည်။ 

ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် ဈေးကွက်များကို ဖွင့်လှစ်ထား ရန်နှင့် ကိုဗစ် ၁၉ အလွန် စီးပွားရေး ကို ပိုမိုသန်မာပြီး တည်ငြိမ်စေရန်၊ အထူးသဖြင့် အရေးကြီးကုန်စည်များအပါအဝင် ထောက်ပံ့မှုကွင်းဆက်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စီးကြောင်းများကို ဆက်လက်ဖြစ်ပေါ်နိုင်ရန်အတွက် သေချာမှုရှိအောင် ဆောင် ရွက်ကြရန် အာဆီယံခေါင်းဆောင်များအနေဖြင့် ကတိကဝက်ပြုခဲ့ကြသည်ဟု ၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအလှည့်ကျ ဥက္ကဌ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ 

အာဆီယံခေါင်းဆောင်များသည် အဓိကကျသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက်သာမက ကိုဗစ် ၁၉ ကပ်ဘေးမှ အတူပူးပေါင်းကာ ပြန်လည်နိုင်ထူနိုင်ရေးကို မြှင့်တင်နိုင်ရန် အာဆီယံ၏ ဗဟိုချက်မနှင့် စုစည်းမှုကို အားကောင်းဖို့အတွက်လည်း ကတိကဝက်ပြုခဲ့ကြပါသေးသည်။ 

၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ဗီဒီယိုကွန်ဖရန့်စနစ်ဖြင့် အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ ကျင်းပခဲ့ကြပြီး တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ အမေရိကန် ပြည်ထောင်စု၊ ဩစတြေးလျနှင့် ရုရှားစသည့် အာဆီယံဆွေးနွေးမှု မိတ်ဖက်နိုင်ငံများမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။ 

အာဆီယံကို ဘရူးနိုင်း၊ ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် စသည့်အဖွဲ့ဝင်နိုင်ငံများဖြင့် ၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.