မော်လမြိုင်၊ စက်တင်ဘာ ၂၉

သထုံမြို့နယ်အတွင်းမှာ KNU တပ်မဟာ(၁)ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်မှုပြုလုပ်ပါက ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်မယ်လို့ စစ်ကောင်စီတပ်က အကြပ်ကိုင် ခြိမ်းခြောက်ထားတယ်လို့ KNU က ဆိုပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့မှာ သထုံမြို့နယ် ပိန္နဲတောကျေးရွာအုပ်စုအတွင်းက ရပ်မိရပ်ဖတွေကို စစ်ကောင်စီတပ်က ခေါ်ယူကာ ပြောဆို ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

“ရပ်မိရပ်ဖတွေကို စစ်တပ်က ခေါ်ယူပြီးတော့ KNU က စစ်တပ်ကို လာမပစ်ဖို့ လာပစ်ရင် ခင်ဗျားတို့ရွာတွေကို လက်နက်ကြီးနဲ့ပစ်မယ်။ မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာရှိခဲ့တယ်။ ၈၈ မတိုင်ခင်က လုပ်ရပ်တွေကို သူတို့ဘက်က ပြန်လုပ်နေတာတွေရှိတယ်။ ပြည်သူတွေက စိုးရိမ်ကြောင့်ကြနေရတယ်။ သူတို့တွေက လက်နက်ကိုင်ပြီး ခေါ်သွားရင်လည်း မနေရဲဘဲ ဒေသခံတွေက လိုက်နေရတယ်။ အဲ့လိုခေါ်တဲ့အချိန် နှစ်ဖက်ပစ်ခတ်မှု ဖြစ်မှာကို ဒေသခံတွေကို စိုးရိမ်နေရသေးတယ်”လို့ KNU တပ်မဟာ(၁)မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။



လက်နက်ကိုင် တိုက်ပွဲတွေမှာ စစ်ကောင်စီက အရပ်သားတွေကို ဓားစာခံပြုလုပ်တာဟာ မဖြစ်သင့်ဘူးလို့ KNU က ဝေဖန်ရှုတ်ချပါတယ်။

စက်တင်ဘာလ အတွင်းမှာ KNU တပ်မဟာ(၁)နယ်မြေအတွင်း စစ်ကောင်စီတပ်တွေ ပိုမိုလှုပ်ရှားလာလို့ ပစ်ခတ်မှုတွေက ခတ်စိပ်စိပ် ဖြစ်ပေါ်ခဲ့ပါတယ်။

KNU တပ်မဟာ(၁)နယ်မြေအတွင်းဖြစ်တဲ့ ဘီးလင်းမြို့နယ် လေးကေ၊ မြစ်ကျိုး၊ ကြိုးဝိုင်း၊ ကြသောင်းဆိပ် ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်တွေက ဒေသခံတွေကို အတင်းအဓမ္မ လုပ်အားပေးဖို့ ဖိအားပေး ခြိမ်းခြောက်တာတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ကျိုက်ထိုမြို့နယ်၊ မဲရုံကြီး ကျေးရွာဘက်မှာလည်း KNU တပ်မဟာ(၁)နယ်မြေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပစ်ခတ်တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ၁၆၀၀ ခန့် လုံခြုံသည့်နေရာသို့ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.