မွန်ပြည်နယ်အစိုးရအဖွဲ့

ဒေါက်တာအေးဇံ ဦးဆောင်တဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ထဲမှာ ဝန်ကြီး ၁၂ ဦး ရှိပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် ဝန်ကြီး ၁၂ ဦးထဲမှာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ တစ်ဦးသာ ဖမ်းဆီးခံထားရပါတယ်။ ကျန်ဝန်ကြီးအများစု အဖမ်းမခံရဘဲ ဘာလို့ နေအိမ်မှာ ဆက်ရှိနေတာလဲ။


ဖေဖော်ဝါရီ ၁ ရက်နေ့


ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းတဲ့နေ့မှာ မွန်ပြည်နယ် အစိုးရအဖွဲ့ထဲက ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် ဝန်ကြီး ၉ ဦး ခေတ္တဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။


ဖမ်းဆီးထိန်းသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီး အားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။


ဒါပေမယ့် အစိုးရအဖွဲ့ဝန်ကြီးတွေကိုတော့ မော်လမြိုင်က ပြည်နယ်အစိုးရအဖွဲ့အိမ်ရာမှာ နေအိမ်အကျယ်ချုပ် ဆက်လက် ထားရှိခဲ့ပါတယ်။

မွန်ပြည်နယ်အစိုးရအဖွဲ့

အဲဒီနောက် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးတွေကို စစ်ကောင်စီက နေအိမ်ပြန်ခွင့် ပေးအပ်ခဲ့ပါတယ်။


ဖမ်းဆီးခံရမှုနဲ့ အမှုဖွင့်ခံရတဲ့ အခြေအနေ


ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး အားလုံးနီးပါးကို စစ်ကောင်စီက နေအိမ်ပြန်ခွင့်ပေးအပ်ခဲ့ပေမယ့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ အမှုဖွင့်ပြီး ဖမ်းဆီးလိုက်ပါတယ်။


ဒေါက်တာအေးဇံကိုတော့ Civil Disobedience Movement လို့ ခေါ်တဲ့ အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှုမှာ ဝန်ထမ်းတွေအနေနဲ့ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။


ဒါ့အပြင် ဧပြီ ၇ ရက်နေ့မှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ရာထူးနဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေထံ ငွေကြေး ရယူသုံးစွဲခဲ့တယ်လို့ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့ပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ

လက်ရှိမှာတော့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို မော်လမြိုင်အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပြီး တရားရင်ဆိုင်နေရပါတယ်။


လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းမင်းအောင်ကိုတော့ စစ်ကောင်စီက ရုံးပိတ်ရက်ကြေညာတာ၊ CDM ဝန်ထမ်းတွေကို ဂုဏ်ပြုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့လို့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားပါတယ်။


ဦးထွန်းမင်းအောင်ကတော့ စစ်တပ် အာဏာသိမ်းပြီးကတည်းက တိမ်းရှောင်နေလို့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။


လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းမင်းအောင်

ဝန်ကြီးတွေ ဘယ်ရောက်နေလဲ


လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်တို့ဟာ ခေတ္တဖမ်းဆီးခံရပြီးနောက် အမျိုးသားညီညွတ်ရေး အစိုးရ NUG ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့နဲ့ အဆက်အသွယ် မရှိကြောင်းနဲ့ ပါတီနိုင်ငံရေး ကင်းရှင်းကြောင်း ခံဝန်ထိုးပြီး မော်လမြိုင်မှာ ဆက်လက် နေထိုင်နေပါတယ်။


စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်ကတော့ အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီးခြင်း မခံရတဲ့ ဝန်ကြီး တစ်ဦး ဖြစ်ပါတယ်။


စစ်တပ် အာဏာသိမ်းတဲ့နေ့မှာ ဦးမင်းကျော်လွင် နေပြည်တော်ကို ရောက်နေလို့ ဖမ်းဆီးခံရခြင်း မရှိပေမယ့် နေအိမ်အကျယ်ချုပ်နဲ့ ထားရှိမှုမှာ ပါဝင်ခဲ့ပါတယ်။


ဦးမင်းကျော်လွင်ကလည်း လက်ရှိမှာတော့ ပါတီနိုင်ငံရေးကင်းရှင်းကြောင်း ခံဝန်ထိုးပြီး မော်လမြိုင်မှာ ဆက်လက် နေထိုင်နေပါတယ်။

စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦ်းမင်းကျော်လွင်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ

စိုက်ပျိုး၊မွေးမြူရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးကလည်း ခေတ္တဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ပါတီနိုင်ငံရေး ကင်းရှင်းကြောင်း ခံဝန်လက်မှတ်ရေးထိုးပြီး သံဖြူဇရပ်မြို့မှာ ဆက်လက် နေထိုင်နေပါတယ်။


လျှပ်စစ်၊စွမ်အင်းနဲ့ စက်မှုဝန်ကြီး ဦးလှထွန်းကတော့ ခေတ္တဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဝန်ကြီးတွေထဲ ပါဝင်ခဲ့ပေမယ့် တခြားဝန်ကြီးတွေလို ဝန်လက်မှတ်ရေးထိုးပြီး ရန်ကုန်မြို့မှာ ဆက်လက် နေထိုင်နေတာပါ။


သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း တခြားဝန်ကြီးနည်းတူ ခေတ္တဖမ်းဆီးခံပြီးနောက် ခံဝန်ထိုးပြီး ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။


ပြန်လည် လွတ်မြောက်လာပြီးနောက် ဒေါက်တာမင်းကြည်ဝင်းဟာ မွန်ရေးရာအဖွဲ့သစ် ဦးဆောင်ထူထောင်သူတွေထဲမှာ ပါဝင်ခဲ့ပြီး၊ လက်ရှိမှာတော့ သာသနာ့ဘောင်အတွင်း ဝင်ရောက်ထားပါတယ်။


စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီး ဦးဝဏ္ဏကျော်ကလည်း ခံဝန်ထိုးပြီး သိမ်ဇရပ်မြို့မှာ ဆက်လက် နေထိုင်နေပါတယ်။


ကရင်တိုင်းရင်းသားရေးဝန်ကြီး ဦးစောအောင်မြင့်ခိုင်၊ ပအိုဝ်းတိုင်းရင်းသားရေးဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင် တို့ကလည်း ခံဝန်ထိုးပြီး နေအိမ်တွေမှာ ဆက်လက်နေထိုင်နေပါတယ်။

ကရင်တိုင်းရင်းသားရေးဝန်ကြီး ဦးစောအောင်မြင့်ခိုင်၊ ပအိုဝ်းတိုင်းရင်းသားရေးဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်


ကျန်ဝန်ကြီး တစ်ဦးဖြစ်တဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးကတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှာ ဝန်ကြီးနေရာယူပြီး ဆက်လက် တာဝန် ထမ်းဆောင် နေပါတယ်။

လုံခြုံရေးနဲ့ နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး


သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.