အသက်(၆၀)အရွယ် အသားဖြူဖြူ အပြုံးချိုချိုနှင့် အမေထားတစ်ယောက် အိမ်ရှေ့ဧည့်ခန်းမှာ သူမဖုန်းကိုဖွင့်ကာ ဖေ့ဘွတ်စ်ကို အပေါ်ပွတ် အောက်ဆွဲရင်း ဝမ်းသာပီတိဖြစ်ပြီး ကျေနပ်နေပါတယ်။
မြင့်တက်လာတဲ့ ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် အမေထားတစ်ယောက် အပြင်ထွက်လည်လို့မရတော့ဘဲ တနေ့ တနေ့ အချိန်တွေကို သူမ အိမ်ရှေ့ ဧည့်ခန်းမှာပဲ ဖြတ်သန်းနေရတာ ရက်အတော်ကြာပြီး ဖြစ်ပါတယ်။
မော်လမြိုင်သူပီပီ အစားသောက်တွေအပေါ် ဝါသနာကြီးတဲ့ အမေထားဟာ လမ်းထိပ်က မုန့်တီဆိုင်ကိုလည်း မသွားရတော့သလို ဈေးထဲက အသုပ်ဆိုင်ဆီကိုလည်း မရောက်ဖြစ်တော့ပါ။
အိမ်ထမင်း အိမ်ဟင်းဘဲ နေ့တိုင်းစားရလို့ ငြီးငွေ့နေတဲ့ အမေထားဟာ သူ့မြေးမလေးရဲ့ လမ်းညွှန်ပေးမှုကြောင့် ဖုန်းလေးဖွင့် ဖေ့ဘွတ်စ်လေး ပွတ်ရုံနဲ့ သူမ စားချင်တာတွေကို အိမ်အရောက်ပို့ပေးတဲ့ အွန်လိုင်းအစားအသောက် ဝန်ဆောင်မှုတွေကို တွေ့ရှိသွားလို့ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ စီးပွားရေး အကြပ်အတည်းကာလမှာ မြန်မာ့အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းဟာ တော်လှန်ရေးတစ်ရပ်ကို ကြုံတွေ့ခဲ့ပါတယ်။
အစားအသောက်တွေကို ဆိုင်ခင်းရောင်းချတဲ့ဓလေ့ကနေ အွန်လိုင်း လူမှုကွန်ယက်ပေါ်ကနေ ရောင်းချတဲ့ စနစ်ဆီကို ကူးပြောင်းခဲ့ကြတာ ဖြစ်ပါတယ်။
ဒါဟာ ယခုနှစ်ပိုင်းအတွင်း သိသိသာသာ ပြောင်းလဲခဲ့တာဖြစ်ပြီး အခုတော့ လူမှုကွန်ယက်စာမျက်နှာမှာ အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းတွေ မှိုလိုပေါနေပြီး ဖြစ်ပါတယ်။
သားရေစာက အစ ဟင်းတွေအဆုံး မြန်မာ ၊ တရုတ် ၊ ကိုရီးယား ၊ ထိုင်း အစားအစာတွေကို ဝယ်ယူသူက အိမ်ကနေ ဖုန်းတချက်ဆက်ရုံနဲ့ မိနစ်ပိုင်းအတွင်း အရောက်ပို့ပေးနိုင်နေပြီး ဖြစ်ပါတယ်။
“အမေတို့ ခေတ်မှာ ဒီလိုတွေ မရှိဘူး။ ဘာစားချင်လဲ ဘာလိုချင်လဲ အိမ်ကလူ ထွက်ဝယ်ဘဲ။ အခုတော့ အမေဖုန်းဖွင့်ပြီး ကြည့်ရုံပဲ ။ စားချင်တာတွေ့ရင် မှာလိုက် ခနနေ အိမ်ရောက်လာတယ်”လို့ အမေထားက ဆိုပါတယ်။
အဲ့ဒီလို အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေထဲမှာ အသက် (၂၂)နှစ်အရွယ် စတုတ္ထနှစ် ကျောင်းသူ မမြင့်ဇူခိုင်လည်း ပါဝင်ပါတယ်။
ကျောင်းတက်နေရင်း တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရှာဖွေလိုတဲ့အတွက် အခုလို လုပ်ကိုင်ဖြစ်ခဲ့တာလို့ သူမ ဆိုပါတယ်။
အခုတော့ Page like တစ်သောင်းကျော်ရှိတဲ့ သူမရဲ့ “ Delicious- Online Special Food Shop Mawlamyine” ကနေ ဟင်းပွဲတွေကို တစ်လ ကျပ်သိန်းသုံးဆယ်ကျော်ဖိုးအထိ ရောင်းချနိုင်နေပါပြီ။
“ ဆိုင်ဖွင့်မယ်ဆိုရင် ရေဖိုး မီးဖိုး ဆိုင်ခန်းခ ဝန်ထမ်းခ အရင်းအနှီးများတယ်။ ဒါပေမယ့် အွန်လိုင်းလုပ်တဲ့အခါ အဲ့တာတွေ မလိုဘူး။ အရင်းအနှီးနည်းနည်းနဲ့ စလုပ်နိုင်တယ်။ ချက်ချင်းငွေပြန်ပေါ်နိုင်တယ်”လို့ မမြင့်ဇူခိုင်က ဆိုပါတယ်။
အွန်လိုင်းကနေ အစားအသောက်တွေ ရောင်းဝယ်ပို့ဆောင်တဲ့လုပ်ငန်းဟာ ဈေးကွက်မှာ အခွင့်အလမ်းအသစ်တွေ ဖော်ဆောင်နိုင်တဲ့အတွက် ရင်းနှီးမြုပ်နှံလိုသူ အမြောက်အများ လုပ်ကိုင်လာကြတယ်လို့ ဆိုပါတယ်။
ငွေကြေးအရင်းအနှီး နည်းနည်းနှင့် မိသားစုပိုင် စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်နိုင်တာကြောင့် ဖြစ်ပါတယ်။
အွန်လိုင်းကနေ ရောင်းချသူတွေဟာ food panda, Grab အစရှိတဲ့ ဆော့ဝဲတစ်ခုခုကို အသုံးပြုပြီး ရောင်းချသလို အချို့ကတော့ လူမှုကွန်ယက်ပေါ်ကနေ ကိုယ်တိုင် ရောင်းချပါတယ်။
“ ညီမကတော့ တပတ် တခါ ပိုစ့်တင်တယ် ။ ပြီးရင် ဖေ့ဘွတ်ကနေ boost လုပ်တယ်။ အဲ့တာက စားသုံးသူတွေဆီ ပျံ့နှံ့သွားပြီး အော်ဒါတွေက တက်လာတယ်”လို့ မမြင့်ဇူခိုင်က ဆိုပါတယ်။
လူမှုကွန်ယက်စာမျက်နှာကနေ ဈေးရောင်းချတာဟာ မတူညီတဲ့စားသုံးသူတွေဆီ တချိန်တည်း ဈေးကွက် ထိုးဖောက်နိုင်တယ်လို့ လုပ်ကိုင်နေသူတွေက သုံးသပ်ပါတယ်။
အချို့ ရောင်းချသူတွေဟာ စားသုံသူရဲ့ မှာယူမှုကို နေ့ချင်းလက်ခံတာ ၊ တစ်ရက် ကြိုတင်လက်ခံတာနှင့် တစ်ပတ် ကြိုတင်လက်ခံတာ အစရှိသဖြင့် ရောင်းချမှုပုံစံ အမျိုးမျိုးနှင့် ဈေးကွက်ကို ချဲ့ထွင်ခဲ့ကြပါတယ်။
ဒါ့အပြင် ကိုဗစ်ကာလမှာ စားသုံးသူတွေဟာ အစားအသောက်ကို ဆိုင်မှာ သွားဝယ်တာထက်စာရင် ဖုန်းဆက်ပြီး သို့မဟုတ် အွန်လိုင်းကနေ မှာယူတဲ့ အလေ့အကျင့်တွေကို ပြောင်းလဲခဲ့ကြပါတယ်။
“အခုလို အခြေအနေမှာက ကိုယ်တိုင်သွားဝယ်တာထက်စာရင် မှာလိုက်တာက ပိုအဆင်ပြေတယ်။ တချို့ဟာတွေဆို ပို့ခတောင် မပေးရဘူး။ အပြင်ထွက်ရင် ကိုဗစ်လည်း ကြောက်ရ အစစ်ဆေးကလည်း ကြောက်ရဆိုတော့ အဆင်မပြေဘူး”လို့ အွန်လိုင်းကနေ အစားအသောက်မှာလေ့ရှိသူ ကိုဝေဖြိုးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ mobile banking စနစ်တွေ ဖွံ့ဖြိုးလာတာဟာလည်း အွန်လိုင်း အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းတွေ ပိုမို တိုးတက်လာတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
စားသုံးသူတွေဟာ သူတို့ကျသင့်ငွေအတွက် KBZ PAY , WAVE PAY စတဲ့ Mobile Banking တွေကနေ အလွယ်တကူ ငွေပေးချေနိုင်လို့ ဖြစ်ပါတယ်။
ရောင်းချသူတွေမှာလည်း သူတို့ဆီရောက်လာတဲ့ အော်ဒါတွေအတွက် ကျသင့်ငွေတွေကို Mobile Bankingကနေ ကြိုတင်လက်ခံနိုင်လို့ ငွေပေးချေရေး လုပ်ငန်းစဉ်ဟာ အဆင်ပြေ ချောမွေ့ခဲ့ပါတယ်။
ဒါကြောင့်ပဲ အွန်လိုင်း အစားအသောက်ဝန်ဆောင်မှု ဈေးကွက်ရဲ့ ဝယ်လိုအားဟာ နေ့ချင်းပဲ အရှိန်အဟုန်နှင့် ကြီးထွားလာနေပါတယ်။
အခုလို ပြောင်းလဲမှုတွေကို ရင်ဘောင်တန်း မလိုက်နိုင်ရင် သမာရိုးကျ ဆိုင်ခင်းရောင်းချသူတွေဟာ လာမည့်နှစ်တွေမှာ နောက်ကောက်ကျန်နေတော့မှာ ဖြစ်ပါတယ်။
“ဒီတစ်ခါတော့ အရင်လိုပါဘဲ။ ပါဆယ်ရော၊ ချိုင့်ဆွဲပါရောင်းပေးနေတယ်။ အဓိကတော့ ဖောက်သည်တွေ မပြတ်သွားအောင် ဝန်ဆောင်မှုပေးထားပါတယ်။ ဒါပေမယ့် ရောင်းအားကတော့ မကောင်းဘူး။ ထက်ဝက်လောက်ကိုကျသွားတာ”လို့ မော်လမြိုင်မြို့က ဆိုင်ခင်းရောင်းချတဲ့ စားသောက်ဆိုင်ရှင်တစ်ဦးက ဆိုပါတယ်။
လက်ရှိ နိုင်ငံရေးအပြောင်းအလဲတွေနှင့်အတူ အာဏာပိုင်တွေရဲ့ ကန့်သတ်ချက်တွေဟာ အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းတွေအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။
မြို့နယ်တချို့မှာ အပြင်မထွက်ရ အမိန့်တွေထုတ်ပြန်ထားသလို များပြားလာတဲ့ စစ်ဆေးမှုတွေကြောင့် စားသောက်ဆိုင်တွေဟာ ပုံမှန်ထက် ရောင်းအားကျဆင်းခဲ့ပါတယ်။
“ လူတွေက အပြင်သိပ်မထွက်တော့ဘူး ။ ကိုဗစ်ကြောင့်ရော အခုလို စစ်ဆေးနေတာတွေကြောင့်ရောပေါ့။ ဆိုင်မှာ ရောင်းအားက တော်တော်လေး ကျသွားတယ်” လက်ဖက်ရည်ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
ဒါကြောင့် အချို့ရောင်းချသူတွေဟာ ဆိုင်ခင်းရောင်းချတာအပြင် အွန်လိုင်းကနေပါ ရောင်းချတာကို တွဲလျက် လုပ်ကိုင်လာကြပါတယ်။
“ဆိုင်မှာရှိတဲ့ Menu ကို Facebook မှာတင်ပေးထားတယ်။ အဲ့ဒီအပြင် Today Special Menu လိုမျိုးလည်း တင်ပေးထားတာရှိပါတယ်။ အခုနောက်ပိုင်းတော့ ပါဆယ်တွေပို့ရင် ဝန်ဆောင်မှုခတော့ ထည့်လိုက်ရတယ်။ ဓါတ်ဆီဈေးတွေကလည်း တက်သွားတာပါတယ်။ အနီးအဝေးအပေါ်မှုတည်ပြီး ၅၀၀ ကျပ်မျိုး၊ ၁၀၀၀ ကျပ်မျိုး ဝန်ဆောင်ခ ထည့်ပါတယ်”လို့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
အချို့သော စားသုံးသူတွေကတော့ အစားအသောက်တွေကို ဆိုင်မှာ စားရတာက ၎င်းတို့အတွက် ပို၍စိတ်ကျေနပ်မှု ရစေပါတယ်။
အစားအသောက်တွေကို လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး စားရတာကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့် ဒစ်ဂျစ်တယ်ပြောင်းလဲမှုခေတ်မှာ ကြီးပြင်းလာတဲ့လူငယ်တွေက အွန်လိုင်းကနေ အစားအသောက် မှာယူရတာကို ပိုမို နှစ်သက်ကြပါတယ်။
Delivery ဝန်ဆောင်မှု ကုမ္ပဏီတွေက ကောက်ယူထားတဲ့ စာရင်းဇယားတွေအရ အသက် (၂၁)နှစ် နှင့် (၃၆)နှစ် အရွယ်ကြားက စားသုံးသူတွေဟာ အွန်လိုင်းကနေ အများဆုံး မှာယူကြတယ်လို့ ဆိုပါတယ်။
နေပူပူ မိုးရွာရွာ ကြိုက်နှစ်သက်တဲ့ မည်သည့်အစားအစာကိုမဆို အွန်လိုင်းကနေ မှာယူပြီး မိနစ်ပိုင်းအတွင်း ၎င်းတို့ရှေ့မှောက်ထံ ပို့ဆောင်ပေးနိုင်လို့ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းက စားသောက်ဆိုင်တွေရဲ့ ဖွံ့ဖြိုးရေးအတွက် ဝန်ဆောင်မှုပေးနေတဲ့ LAVU လုပ်ငန်းစုရဲ့ လေ့လာချက်အရ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းက အွန်လိုင်း delivery ဝန်ဆောင်မှုတန်ဖိုးဟာ ဒေါ်လာ ၂၂၀ ဘီလီယံအထိ မြင့်တက်လာလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။
နောင်ခန့်