အချိန်က ည (၈)နာရီ ၊ ပေါင်မြို့ရဲ့ လမ်းမတွေဟာ တိတ်ဆိတ်ခြောက်ကပ်နေပြီး အတော်ကြာမှ ဆိုင်ကယ်တစ်စီးစ ၊ နှစ်စီးစ ဖြတ်သွားတာကို တွေ့ရတယ်။

လမ်းမကြီး တစ်လျှောက်မှာလည်း ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိနေဘဲ အချို့အိမ်တွေကတော့ မီးတွေ မှိတ်ထားကြပြီး တိတ်ဆိတ်လျက်။

ရန်ကုန်-မော်လမြိုင်လမ်းမှာရှိတဲ့ ပေါင်မြို့ဟာ ယခင်က အခုလို မဟုတ်။

ညနက်ချိန်ရောက်သည့်တိုင် ကုန်တင်ကားတွေ ၊ ခရီးသွားကားတွေနဲ့ လမ်းသွားလမ်းလာ မပြတ်ဘဲ စည်ကားနေတတ်တယ်။

အခုဆို ညဘက်ရောက်ရင် ပေါင်မြို့ဟာ မြို့ပျက်ကြီးလို လူသူလေးပါး ကင်းစင်နေပြီး လူလတ်ပိုင်းတွေမှာလည်း ကျီးလန့်တစာစာနဲ့ ညတွေကို ဖြတ်သန်းနေရပါတယ်။

“ ဝူးခနဲ ကားသံ ကြားရင် ငါ့အိမ်ရှေ့ စစ်သားတွေ ရောက်လာပြီးလား ဆိုပြီး စိုးရိမ်နေရတယ်”လို့ ပေါင်ဒေသခံ ကိုကျော်ဇင်(အမည်လွှဲ)က သူ့ရဲ့ စိုးရိမ်မှုကို ပြောပြပါတယ်။

စက်တင်ဘာလ (၇)ရက်နေ့ ညပိုင်းကစပြီး ပေါင်မြို့နယ်ရဲ့ ကျေးရွာတွေမှာ ပေါ်တာဆွဲတယ်ဆိုပြီး ကောလဟာလတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဒေသခံတွေရဲ့ စိုးရိမ်မှုဟာ ပိုမိုမြင့်တက်ခဲ့ပါတယ်။

အချို့ဆို နေအိမ်မှာ မအိပ်ရဲတော့လို့ လယ်က တဲတွေမှာ သွားအိပ်ကြတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ (၁)ရက်နေ့ ညပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ပေါင်မြို့နယ်မှာ ကိုယ်ဝန်ဆောင်အမျိုးတစ်ဦိး သေဆုံးခဲ့ပါတယ်။

တင်းကျပ်လာတဲ့ စစ်ဆေးရေး
+++++++++++++++++
ဩဂုတ်လလယ်ပိုင်းကစပြီး မွန်ပြည်နယ်တဝှမ်းမှာ အာဏာသိမ်း စစ်ကောင်စီဟာ လုံခြုံရေးတွေကို ပိုမိုတင်းကြပ်ခဲ့ပါတယ်။

ကျိုက်ထိုနှင့် သိမ်ဇရပ်တို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးတွေ ခပ်စိတ်စိတ် အသတ်ခံရပြီးနောက် အခုလို လုံခြုံရေးကို ပိုမိုတင်းကြပ်ခဲ့တာ ဖြစ်ပါတယ်။

မြို့ဝင်မြို့ထွက် စစ်ဆေးရေးတွေကို နှစ်ဆ တင်းကြပ်ခဲ့သလို မြို့ထဲမှာလည်း အင်းအားပြ လှည့်လည်တာတွေအပြင် အရပ်ဝတ်ရဲတွေကပါ နေရာအနှံ့မှာ ရှိနေပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာ ဘန်ကာတွေ၊ သဲအိတ်တွေ၊ ကတုတ်ကျင်းတွေ တူးပြီး အကာအကွယ်တွေ အပြည့်ချထားပါတယ်။

ဒါအပြင် မနက်၊နေ့လယ်ပိုင်းမှာ အိမ်စီးကားတွေသုံးပြီး အရပ်ဝတ်နဲ့ လှည့်ကင်း၊ပတ်ကင်းတွေ လုပ်ဆောင်နေသလို ညပိုင်းမှာတော့ မြို့ရပ်ကွက်နေရာအချို့မှာ ၅ ယောက်အဖွဲ့နှုန်းနဲ့ ကင်းပုန်းချထားပါတယ်။

“မြို့ထဲက အဝင်အထွက် ဂိတ်တွေမှာတော့ လုံခြုံရေးတွေ အင်းအား တိုးပြီးတော့ သူတို့ စစ်နေတယ်။ အင်အား အများအပြား သုံးပြီးတော့လည်း သူတို့လှည့်နေတယ်”လို့ ကျိုက်ထိုဒေသခံတွေက ဆိုပါတယ်။

လက်လုပ်လက်စားတွေက အလုပ်လုပ်ဖို့ ခက်
+++++++++++++++++++++++++
မောလမြိုင်မြို့မှာ နေ့အချိန် မလိုအပ်ရင် အပြင်မထွက်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပြီး လမ်းပေါ်မှာ စစ်ဆေးရေးတွေက တင်းကျပ်နေလို့ လက်လုပ်လက်စားတွေအတွက် အခက်တွေ့နေပါတယ်။

အလုပ်လုပ်ကိုင်ဖို့ ဝေးစွ ၊ ချက်ပြုတ်စရာတွေနဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေ ထွက်ဝယ်ဖို့တောင် လန့်နေရတယ်လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ အပြင်ထွက်ရင် သူတို့နဲ့ တွေ့မှာကို လန့်နေရတယ်။ တခါတလေ ဈေးအနားမှာ ရှိနေတယ်။ သူတို့ကို တွေ့တာနဲ့ စိတ်က လုံခြုံတယ်လို့ မခံစားရဘူး”လို့ သူမက ဆိုပါတယ်။

လက်လုပ်လက်စားသမားတွေကလည်း စစ်ဆေးရေးနေရာတွေနဲ့ စစ်သားနဲ့ရဲတွေကို ကွင်းရှောင်ပြီး သွားလာနေရလို့ အခက်အခဲတွေ ရှိတယ်လို့ ပြောကြပါတယ်။
သွားလာရင်း စစ်ဆေးရေးဂိတ်တွေနဲ့ကြုံရင် မသင်္ကာမှုနဲ့ အဖမ်းခံရနိုင်သလို ကို့မှာပါတဲ့ ငွေသား ၊ ဖုန်းနဲ့ အခြားတန်ဖိုးရှိ ပစ္စည်းတွေ သိမ်းဆည်းခံရမှာကို စိုးရိမ်လို့ ဖြစ်ပါတယ်။

အရပ်ဝတ်နှင့်ရဲများ
+++++++++++
အာဏာသိမ်း စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို ထောက်လှမ်းနိုင်ဖို့အတွက် အရပ်ဝတ်နှင့် ရဲတွေဟာ လူစည်ကားရာနေရာတွေမှာ ရှိနေပါတယ်။

လှည့်ကင်းတွေ ပတ်ရင်လည်း ဌာနဆိုင်ရာကားတွေကို အသုံးမပြုဘဲ အိမ်စီးကားတွေကို အသုံးပြုပြီး ကင်းလှည့်ကြပါတယ်။

မထင်ရင်မထင်သလို ညဘက်တွေမှာလည်း ရပ်ကွက်အချို့ကို သန်းခေါင်စာရင်း ဝင်စစ်တာကို လုပ်ဆောင်ခဲ့ကြပါတယ်။

“ အိမ်မှာ ဘယ်သူတွေရှိလဲ ၊ ဘယ်နှစ်ယောက်နေလဲ ။ ဧည့်သည်ရှိလား ရပ်ကွက်အထဲမှာ သူစိမ်းတွေ လာနေတာ ရှိလားလို့တော့ မေးသွားတယ်”လို့ မော်လမြိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

ခိုးဆိုးလုယက်မှုတွေ များလား
+++++++++++++++++
စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုတွေနဲ့အတူ စီးပွားရေးကြပ်တည်းမှုတွေကြောင့် ဒုစရိုက်မှုတွေ ခပ်စိတ်စိတ် ဖြစ်ခဲ့ပါတယ်။

ရပ်ကွက်အတွင်းမှာ ပစ္စည်းတွေ မကြာခန ပျောက်လာပြီး လူမြင်ကွင်း နေရာတွေမှာလည်း လုယက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

စက်တင်ဘာလ (၂)ရက်နေ့ ညပိုင်းက တွေ့ရတဲ့ မှတ်တမ်းအရဆိုရင် မော်လမြိုင် အောက်လမ်းမကြီးမှာ ကောင်မလေးတစ်ယောက် လမ်းဘေးမှာဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေစဉ် အမျိုးသားနှစ်ဦးက အနောက်က ကပ်ပြီး ဖုန်းကို လုယူခဲ့တာကို တွေ့ရပါတယ်။

ဆိုင်ကယ်ပျောက်မှုတွေလည်း မကြာခန ဖြစ်ပေါ်နေပြီး ရဲစခန်းကို သွားတိုင်ပေမယ့် ပြန်ရတာမျိုးတွေ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

“ မြို့လယ်ခေါင်က ခြံထဲမှာ သော့ခတ်ထားတဲ့ ဆိုင်ကယ်ကို ဝင်ခိုးသွားတာ မနက် ငါးနာရီလောက် ဖြစ်မယ်။ ဆိုင်ကယ်ပျောက်တာတွေက ခနခန ဖြစ်လာတာတွေ့တယ်။ ပြန်ရတယ်ဆိုတဲ့ သတင်းတွေတော့ မတွေ့ဘူးလို့”လို့ ဆိုပါတယ်။

နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.