မော်လမြိုင် ၊ စက်တင်ဘာ ၄
NLD အစိုးရလက်ထက်က ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေတွေကို အတိုးရော အရင်းပါ စက်တင်ဘာလအတွင်း ပြန်ဆပ်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပြီး လုပ်ငန်းမလည်ပတ်နိုင်လို့ ချေးငွေပြန်ဆပ်ဖို့ အခက်အခဲရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါ စီးပွားရေးထိခိုက်မှုတွေအပေါ် ပြန်လည်ကုစားနိုင်ဖို့အတွက် NLD အစိုးရလက်ထက်မှာ ကိုဗစ်ချေးငွေ ကျပ် ဘီလီယံ (၂၀၀)ကျော်ကို ထုတ်ချေးပေးခဲ့ပါတယ်။
ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးဈေးကွက်စနစ် ပျက်စီးခဲ့လို့ အသေးစား အလတ်စားလုပ်ငန်း အမြောက်အများ ရပ်ဆိုင်းခဲ့ရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက ချေးငွေတွေကို အတိုးရော အရင်းပါ စက်တင်ဘာလအတွင်း ပြန်ဆပ်ဖို့ ညွှန်ကြားထားပြီး SME လုပ်ငန်းရှင် တွေကတော့ ချေးငွေ ပြန်ဆပ်ဖို့ အခက်အခဲ ရှိနေတယ်လို့ ပြောပါတယ်။
“အခက်အခဲက အလုပ်မလုပ်ရတာ (၁)နှစ်လောက် ရှိသွားပြီး၊ နိုင်ငံရေး အခြေအနေနဲ့ ကိုဗစ်ကာလဆိုတော့ ပိတ်ထားတာလေ၊ ဘာမှလုပ်လို့ မရဘူး၊ အလုပ်မလုပ်ဘူး ဆိုတော့ လုပ်ငန်းကို မလည်ပတ် တော့တာပေါ့၊ စားဝတ်နေရေးတောင် မနည်း ဖြေရှင်းနေရတယ်၊ ချေးငွေ ဆက်ဖို့ဆိုတော့ နည်းနည်းတော့ ခက်တာပေါ့ဗျာ”လို့ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ချေးငွေ ထုတ်ချေးစဉ်က လုပ်ငန်းလည်ပတ်ဖို့အတွက် ထုတ်ချေးခဲ့တာ ဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါ အခြေအနေ ရှည်ကြာလာတဲ့အတွက် လုပ်ငန်း မလည်ပတ် နိုင်သလို ဝန်ထမ်းလစာတွေနှင့် အခွန်အခတွေကြောင့် ချေးငွေတွေ အကုန်အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အတိုးရောအရင်းရော ပြန်ဆပ်ခိုင်းတာထက်စာရင် ကနဦးအနေနှင့် အတိုးတွေကို အရင် ဆပ်ခိုင်းတာမျိုးပဲ လုပ်စေချင်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
“ပထမအဆင့်က အများဆုံး အားဖြင့်ကတော့ အတိုး သွင်းနိုင်အောင် ပထမဆုံး ဦးစားပေးရမယ်၊ အရင်းမဆပ် နိုင်ရင်တောင်မှ အတိုးတော့ သွင်းပေးရမယ်၊ ဒီကာလမှာတော့ SMEချေးငွေကို ပြန်ဆပ် ခိုင်းတယ် ဆိုတာတော့ မဖြစ်သင့်ဘူးပေါ့၊ ကုန်သည်တွေ အလုပ် စလုပ်လို့ လုပ်ငန်း လည်ပတ်လာတဲ့ အခါကျတော့မှ ချေးထားတဲ့ ပိုက်ဆံ ပြန်ပေးပါ ဆိုရင်တော့ အကျိုး ရှိတာပေါ့ဗျာ၊ အခုက ကျတော့ လုပ်ငန်းက မလုပ်ရသေးတာလေ အဲ့ဒီအချိန် ကျတော့ အခက်အခဲ ရှိသွားတာပေါ့”လို့ SME လုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။
စစ်ကောင်စီကတော့ ချေးငွေတွေကို စက်တင်ဘာလအတွင်း ပြန်မဆပ်ရင် တည်ဆဲဥပဒေတွေနှင့်အညီ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်အတွင်း မှာတော့ အသေးစားနှင့် အလတ်စား လုပ်ငန်း (၂၀၀၀၀)ကျော်ရှိပြီး အဆိုပါ လုပ်ငန်းတွေကို မှီခိုနေတဲ့ အလုပ်သမားတွေက သိန်းနဲ့ချီ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်