အသက်(၃၄)နှစ် အရပ်ပုပု အသားညိုညိုနှင့် မစုသက် (အမည်လွှဲ)တစ်ယောက် သူ့ရှေ့က လျှော်လက်စ အဝတ်ပုံကို ကြည့်ပြီး သက်ပြင်းပူကြီးကို “ဟင်းခနဲ” မြည်အောင် မှုတ်ထုတ်လိုက်ပါတယ်။
ဇင်းကျိုက်မြို့ရဲ့ မွန်းတည့်ချိန် နေပူပူအောက်မှာ အဝတ်လျှော်နေရင်း သူ့ရဲ့ ရှေ့ရေးကို တွေးပြီး ဦးခေါင်းပေါ်က နေမင်းကြီးလို ပူလောင်လာလို့ သက်ပြင်းတွေ ခဏခဏချနေမိတာ ဖြစ်ပါတယ်။
မကွေးဇာတိဖြစ်တဲ့ မစုသက်ဟာ မွန်ပြည်နယ် မော်လမြိုင်မြို့ကို ပြောင်းရွှေ့လာတာ မကြာသေးပါဘူး။
မော်လမြိုင်မြို့မှာ အိမ်ငှားနေပြီး ကြုံရာကျပန်းလုပ်ကာ အသက်မွေးဝမ်းကြောင်းနေသူ ဖြစ်ပါတယ်။
သူမရဲ့ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတာ ဆယ်နှစ်ကျော်ရှိပြီးဖြစ်ကာ အသက်(၁၂)နှစ်အရွယ် သမီးဖြစ်သူနှင့် ဘဝကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။
ခင်ပွန်းဆုံးပြီး ခိုကိုးရာမဲ့ ဖြစ်နေတဲ့ မစုသက်အတွက် ဖေဖော်ဝါရီလ တစ်ရက်နေ့ စစ်တပ်အာဏာ သိမ်းပြီးနောက်မှာ ဘဝအချိုးအကွေ့ တစ်ခုကို ထပ်မံကြုံတွေ့ဖို့ အကြောင်းဖန်လာပါတယ်။
အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုနှင့်အတူ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် စားဝတ်နေရေး ခက်ခဲလာလို့ မစုသက်တစ်ယောက် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်ပါတယ်။
မော်လမြိုင်မြို့ကနေ ဇင်းကျိုက်မြို့ကို ပြောင်းရွှေ့ကာ အဲဒီမြို့က KTV တစ်ခုမှာ အလုပ်လုပ်ဖို့ ဖြစ်ပါတယ်။
တစ်လကို လစာငွေ (၆၅၀၀၀) ကျပ်နှင့် သုံးလပြည့်အောင် လုပ်ပေးရမယ်လို့ စာချုပ် ချုပ်ပြီးမှ မစုသက် အလုပ်ရခဲ့ပါတယ်။
မစုသက် လုပ်ငန်းခွင်ထဲဝင်ပြီး တစ်လအကြာမှာတော့ မြင့်တက်လာတဲ့ ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် ဧည့်သည်တွေက မရှိသလောက် အလာနည်းခဲ့ပါတယ်။
အဲ့တာကြောင့် အပိုဝင်ငွေမရှိတော့ဘဲ ဆိုင်ကပေးတဲ့ လစာတစ်ခုတည်းနဲ့သာ ချိုးခြံချွေတာပြီး စားဝတ်နေရေးကို မစုသက် ဖြေရှင်းနေရပါတယ်။
အဲ့ဒီလို ရုန်းကန်နေရင်းမှဘဲ မစုသက်အတွက် တစ်ပူပေါ် နှစ်ပူဆင့်ဖို့ အကြောင်းဖန်လာပါတယ်။
အပိုဝင်ငွေ မရှိလို့ ဆိုင်ကပေးတဲ့ လခငွေ ကျပ်(၆၅၀၀၀) တစ်ခုတည်းကိုသာ မှီခိုနေရချိန် သူမလုံခြုံရေးအတွက် ရဲကို လိုင်းကြေး (၅၀၀၀၀)ကျပ် လတိုင်း ပေးနေရလို့ ဖြစ်ပါတယ်။
ကေတီဗီ နှင့် အနှိပ်ခန်းမှာ လုပ်ကိုင်နေသူတွေ အပါအဝင် လိင်လုပ်သားအဖြစ် အသက်မွေးဝမ်းကြောင်းနေရတဲ့ အမျိုးသမီးတွေဟာ သက်ဆိုင်ရာနယ်မြေက အပိုင်ရဲတွေကို လုံခြုံရေးအတွက် လိုင်းကြေးပေးရလေ့ ရှိပါတယ်။
“ လက်ရှိက တော်တော် ရုန်းကန်နေရတယ်။ မိသားစုကို မပေးနိုင်တော့တာလည်း ရှိတယ်။ ရဲကြေး လိုင်းကြေး ဆိုတာတွေလည်း ပေးနေရတယ်။ အလုပ်က ဆင်းဆင်း မဆင်းဆင်း လူက လာလာ မလာလာ ရဲကြေး လိုင်းကြေးက အသားတင် ငါးသောင်း ပေးနေရတယ်”လို့ မစုသက်က ဆိုပါတယ်။
အဲ့ဒီလို လိုင်းကြေးတွေပေးပြီး လက်ထဲကျန်တဲ့ ငွေလေး တစ်သောင်းကျော်နဲ့ပဲ တစ်လတာ စားဝတ်နေရေးကို ဖြတ်သန်းရပါတယ်။
တစ်ကိုယ်ရည်သုံးအတွက် သောက်ရေ ၊ အဝတ်လျှော်ဆပ်ပြာကအစ ဖုန်းဘေတွေအထိ ငွေ တစ်သောင်းကျော်နှင့် လောက်ငှအောင် သုံးစွဲနေကြရတာပါ။
ဝင်ငွေအပိုရှာချင်တဲ့သူတွေကတော့ အားလပ်ချိန်တွေမှာ ရပ်ကွက်အတွင်းက အိမ်တွေမှာ မီးပူတိုက် ၊ အဝတ်လျှော် စသဖြင့် ကြုံရာကျပန်းလုပ်ပြီး စားဝတ်နေရေးကို ဖြေရှင်းကြရပါတယ်။
ဒီလို ကြပ်တည်းနေတာ မစုသက်တစ်ယောက်တည်း မဟုတ် ၊ သူမရဲ့ လုပ်ဖော်ကိုင်ဘက်တွေပါ အခုလို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
အများစုက တစ်ကိုယ်ရည် စားဝတ်နေရေးကိုပဲ အဓိက ဖြေရှင်းနေရလို့ အိမ်က မိသားစုတွေကို မထောက်ပံ့နိုင် ဖြစ်နေပါတယ်။
“ ညီမ သမီးဆီကို အိမ်စာရိတ် မပို့ပေးနိုင်တာကြာပြီ ၊ သူ့ကို ရန်ကုန်မှာ အဒေါ်နဲ့ အပ်ထားတယ်။ ဒီမှာက ရေသန့်ဘူးက အစ ကိုယ့်စားရိတ်နဲ့ကို ဝယ်သောက်နေရတော့ တစ်လ တစ်လ မလောက်ဘူးလေ”လို့ မစုသက်က ဆိုပါတယ်။
မွန်ပြည်နယ်တဝှမ်းမှာတော့ လိင်လုပ်သား (၅၀၀)ကျော် ရှိပြီး သူတို့အားလုံးဟာ စားဝတ်နေရေး အခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့ လိင်လုပ်သားအရေး ကူညီနေသူတွေက ပြောပါတယ်။
အများစုကတော့ လုပ်ငန်းတွေ ရပ်နားထားရလို့ အလုပ်လက်မဲ့တွေ ဖြစ်နေပြီး ဧည့်သည်လက်ခံတဲ့ လိင်လုပ်သားတွေကတော့ ကိုဗစ်-၁၉ ကူးစက်ခံရနိုင်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။
ဧည့်သည်တွေလာတဲ့အခါ အကာအကွယ် မပါဘဲ အနီးကပ်ဝန်ဆောင်မှု ပေးရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
“အချို့ ဧည့်သည်တွေလာရင် ဘီယာငှဲ့ပေးရတာမျိုး ၊ ထိုင်စကား ပြောပေးရတာမျိုး လုပ်ပေးရတယ်။ ကိုဗစ်ကူးခံရမှာတော့ ကြောက်တာပေါ့ ၊ စားဝတ်နေရေးအတွက်ဆိုတော့ ဘယ်တတ်နိုင်မလဲ” လို့ မစုသက်က ဆိုပါတယ်။
ဒါ့အပြင် HIV/AIDS ကူးစက်ခံထားရတဲ့ အချို့ လိင်လုပ်သားတွေဟာ မြင့်တက်လာတဲ့ ကိုဗစ်-၁၉ ကူးစက်မှုတွေနှင့်အတူ စစ်ကောင်စီရဲ့ ခရီးသွားလာခွင့် ကန့်သတ်မှုတွေကြောင့် ပုံမှန်သောက်နေကြ ART ဆေးတွေကို မထုတ်ယူနိုင် ဖြစ်နေပါတယ်။
“ဆေးလာထုတ်တဲ့ လူနာတွေအတွက် သွားလာရေးက အခက်အခဲရှိတယ်။ တချို့က နယ်မြေဖြတ်ကျော်ပြီး လာရတယ်။ ဥပမာ ရွာကထွက်လာရင် ရွာထိပ်မှာ စောင့်နေကြတယ် ၊ ဘာဆေးသွားထုတ်မှာလဲလို့ မေးရင် ကျွန်မ HIV ဆေး သွားထုတ်မယ်ဆိုပြီး ပြောလို့မရတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံနေရတယ်”လို့ HIV Positive အသက်ရှင်နေထိုင်သူများအသင်း မွန်ပြည်နယ် တာဝန်ခံ ဒေါ်သီသီနွယ်က ဆိုပါတယ်။
ART ဆေးသောက်ဖို့ပျက်ကွက်တဲ့ HIV ကူးစက်ခံထားရသူတွေဟာ နောက်ဆက်တွဲ ပြဿနာအနေနှင့် AIDS ရောဂါလက္ခဏာတွေကို ခံစားရနိုင်သလို ကိုယ်အလေးချိန်ကျတာ ၊ ဝမ်းလျှောတာ ၊ ဖျားတာတွေနှင့် အရေပြားမှာ အနာပေါက်တာတွေကို ခံစားရနိုင်ပါတယ်။
ကိုဗစ်ကူးစက်မှာကို စိုးရိမ်တဲ့ အချို့လိင်လုပ်သားတွေကတော့ အလုပ်နားချင်နေပေမယ့် သူဌေးဆီက လုပ်အားခတွေကို ကြိုတင်ထုတ်ယူထားကြလို့ သတ်မှတ်ကာလအထိ အလုပ် လုပ်ပေးနေရအုံးမှာ ဖြစ်ပါတယ်။
“ညီမကတော့ မွန်းကြပ်နေပြီး ၊ သူတို့နဲ့ ပြောထားတဲ့အတိုင်း သုံးလပေါ့ မြန်မြန် အကြွေးကင်းအောင် နေပြီး ဘယ်လို ရုန်းထွက်ရမလဲဆိုတာပဲ စဉ်းစားနေတယ်”
မစုသက်လည်း အခြားအလုပ်တစ်ခုကို ရွှေ့ပြောင်းလုပ်ကိုင်ချင်ပေမယ့် ဆိုင်နှင့်ချုပ်ဆိုထားတဲ့ စာချုပ်အရ သုံးလပြည့်တဲ့အထိ အလုပ် လုပ်ပေးရပါအုံးမယ်။
နောင်ခန့်
Photo credit -The Telegraph