မော်လမြိုင် ၊ ဇူလိုင် (၈)
NLD အစိုးရလက်ထက်ကတည်းက စတင်ပြီး ယခုစစ်ကောင်စီလက်ထက်မှာ အကောင်အထည်ဖော်နေတဲ့ မော်လမြိုင်မြို့ကို CCTV တပ်ဆင်မယ့်လုပ်ငန်းဟာ (၂၄) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး ဖြစ်ပါတယ်။
အဲ့ဒီ Safe City လို့ခေါ်တဲ့ စီမံကိန်းဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စီမံကိန်းတွေဖြစ်ပြီး လုံခြုံရေး အကြောင်းပြချက်နဲ့ အများပြည်သူ ပိုင်နေရာတွေမှာ စီစီတီဗီတွေ တပ်ဆင်ကာ သွားလာလှုပ်ရှားမှုတွေကို စောင့်ကြည့်စစ်ဆေးဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ ဒီစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ Safe City စီမံကိန်း တင်ဒါကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးနေထွဋ်ဦးက အမိန့်စာ ထုတ်ပြန်ပြီးတော့ တင်ဒါအောင်ထားတဲ့ ကုမ္ပဏီတွေကို ညွှန်ကြားခဲ့ပါတယ်။
လက်ရှိမှာတော့ မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ CCTV တွေ တပ်ဆင်ဖို့ ကေဘယ်ကြိုးတွေကို ချိတ်ဆက်နေပြီး ဖြစ်ပါတယ်။
ဒါ့အပြင် တပ်ဆင်ထားတဲ့ CCTV ကနေ စောင့်ကြည့်နိုင်ဖို့အတွက် ထိန်းချုပ်စင်တာကိုလည်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်းမှာ ဆောက်လုပ်နေပြီး ဖြစ်ပါတယ်။
မြို့ရဲ့အရေးပါတဲ့ အချက်အချာနေရာတွေမှာ ယခုဘဏ္ဍာနှစ်အတွင်း CCTV တွေ တပ်ဆင်နိုင်ဖို့ ဦးစားပေး ဆောင်ရွက်နေတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ လက်ရှိမှာတော့ ဖိုင်ဘာကြိုးတွေ ဆွဲနေတယ်။ ထိန်းချုပ်စင်တာကိုလည်း ဆောက်နေပြီး။ အကုန်ပြီးသွားတော့မှ စီစီတီဗီ တပ်တဲ့လုပ်ငန်းတွေ စမှာ ။ ထိန်းချုပ်စင်တာကိုတော့ မွန်ပြည်နယ်အစိုးရအဖွဲ့ ရုံးထဲမှာပဲ ဆောက်နေတယ်။ ကင်မရာအချို့ကိုတော့ ဒီဘဏ္ဍာနှစ်အတွင်းမှာ တပ်သွားမယ်။အရေးကြီးတဲ့နေရာ ဦးစားပေးပေါ့”လို့ ၎င်းက ဆိုပါတယ်။
မော်လမြိုင်နည်းတူ ရန်ကုန်နဲ့ နေပြည်တော်တို့မှာလည်း ဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ရန်ကုန်နဲ့နေပြည်တော်တို့မှာ တပ်ဆင်ထားတဲ့ cctv ကင်မရာတွေဆိုရင် ကားနံပါတ်ပြားတွေကို ခြေရာခံနိုင်သလို ပြစ်မှုကျူးလွန်ဖူးသူရဲ့ ရာဇဝတ်မှုနောက်ခံအကြောင်းအရာတွေကိုပါ တိုက်ဆိုင် ကြည့်ရှုစစ်ဆေးနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျပ်ငွေ သိန်း (၅၀၀)ကျော်တန်တဲ့ စီစီတီဗီတွေဆိုရင် လမ်းပေါ်သွားနေတဲ့ ကားအတွင်းက လူရဲ့ မျက်နှာကို ဓာတ်ပုံရိုက်ထားနိုင်သလို လူအုပ်ကြားထဲက တစ်ယောက်ချင်းစီရဲ့ မျက်နှာကိုလည်း ဓာတ်ပုံရိုက်ထား နိုင်ပါတယ်။
မော်လမြိုင်မြို့မှာ ဆောင်ရွက်နေတဲ့ ဒီစီမံကိန်းကိုတော့ နောင်ရိုးကုမ္ပဏီနဲ့ FISCA ကုမ္ပဏီတို့က တင်ဒါရရှိထားတာ ဖြစ်ပါတယ်။
ဒီကုမ္ပဏီတွေကတော့ စစ်တပ်နောက်ခံ အသိုင်းအဝိုင်းကလာသူတွေဖြစ်ပြီး နောင်ရိုးကုမ္ပဏီဟာ ထောက်လှမ်းရေး နည်းပညာ ပစ္စည်းတွေကို အဓိက တင်သွင်းတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
( ယခုသတင်းပါ အချက်လက်အချို့ကို Mratt Kyaw Thu ရေးသားတဲ့ စစ်ကောင်စီကို နည်းပညာဖြင့် အကူအညီပေးနေသည့် ကုမ္ပဏီများ သတင်းဆောင်းပါးကနေ ကိုးကာဖော်ပြထားတာ ဖြစ်ပါတယ်)