မော်လမြိုင် အမှတ်(၁) စျေးကြီး

မော်လမြိုင် ၊ ဇူလိူင် (၄)

ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက်  စည်ပင်သာယာစျေးတွေမှာ အခြေခံ စားသောက်ကုန်တွေကိုသာ ရောင်းချခွင့်ပြုတော့မယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုဟာ ဆက်တိုက်မြင့်တက်နေပြီး လက်ရှိအချိန်ထိ ကူးစက်ခံထားရသူ (၉၀၀)နီးပါး ရှိပြီး ဖြစ်ပါတယ်။

အခုလို ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် လူစုလူဝေးဖြစ်တဲ့ စျေးတွေကိုတော့ စည်ပင်သာယာက စတင်ထိန်းချုပ်ကန့်သတ်လာပြီး ဖြစ်ပါတယ်။

စျေးတွေမှာ ယခင်လို ဆိုင်အားလုံး ဖွင့်လှစ်ရောင်းချခွင့် မရှိတော့ဘဲ အခြေခံစားသောက်ကုန်တွေ မဟုတ်တဲ့ ရွှေဆိုင် ၊ အထည်အလိပ်ဆိုင် ၊ လျှစ်စစ်ပစ္စည်းဆိုင်နဲ့ ကုန်မာရောင်းချတဲ့ ဆိုင်တွေကိုတော့ ယာယီပိတ်သိမ်းဖို့ စည်ပင်သာယာက ညွှန်ကြားလိုက်ပါတယ်။

“ ကျွန်တော်တို့ ဘယ်လောက်ပိတ်မလဲဆိုတာ မသတ်မှတ်ရသေးဘူး။ ပြည်ထောင်စုက သတ်မှတ်တာဆိုတော့ ပြည်ထောင်စုက  ခွင့်ပြုမှရမယ်။ ခွင့်ပြုထားတဲ့ ဆိုင်တွေကလည်း ရောင်းချတဲ့သူက mask တပ်ရမယ် ၊ လာဝယ်တဲ့သူလည်း mask တပ်ရမယ် ။ ကန့်သတ်ထားတဲ့ဆိုင်တွေ ခိုးဖွင့်ရင် ပထမအကြိမ် (၁၀)ရက်ပိတ်မယ် ၊ ထပ်မလိုက်နာရင် (၁)လ ပိတ်မယ်”လို့ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ၊ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။

အခုလို အခြေခံစားသောက်ကုန်မဟုတ်တဲ့ ကုန်မာဆိုင်တွေကို ရောင်းချခွင့် ပိတ်လိုက်တဲ့အတွက် ငွေကြေး အခက်အခဲတွေ ရှိလာတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဒါကြောင့် ဆိုင်ကို လုံးဝပိတ်လိုက်တာမျိုးမဟုတ်ဘဲ အခြားဆိုင်တွေနှင့်တန်းတူ တစ်ရက်ခြားတစ်ခါ ဖွင့်လှစ်ရောင်းချခွင့် ရချင်တယ်လို့ မော်လမြိုင်အမှတ်(၁)စျေး စျေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးစိုးက ဆိုပါတယ်။

“စားဝတ်နေရေး ပြဿနာရှိတာပေါ့။ အလုပ်ရှင်က ပြဿနာမရှိပေမယ့် အလုပ်သမားတွေကတော့ အခက်အခဲရှိတာပေါ့။ အရင်ကလည်း ပိတ်ထားရတဲ့အတွက် ဆိုင်ခန်းခ မသွင်းနိုင်တာတွေ ၊ မီးဖိုး မပေးနိုင်တာတွေ ဖြစ်တယ်။ အခြားဆိုင်တွေနဲ့အတူ စျေးတွေကို တရက်ခြားတစ်ခါ ရောင်းချခွင့် ပြုစေချင်တယ်”လို့ ၎င်းက ပြောပါတယ်။

ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိခဲ့တဲ့ ကျိုက်ထိုမြို့က ပြည်သူ့စျေးကိုလည်း စည်ပင်သာယာရေးအဖွဲ့က ဇူလိုင်လ (၄)ရက်နေ့က စတင်ပြီး ယာယီပိတ်ထားလိုက်ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် မြို့နယ်တချို့က စားသောက်ဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

ပြည်နယ်တဝှမ်းမှာတော့ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ (၉၀၀) နီးပါး ရှိပြီး သေဆုံးသူကတော့ (၁၇) ဦး ရှိပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.