မော်လမြိုင် ၊ ဧပြီ (၂၂)

အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သထုံမြို့နယ် NLD ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ဧပြီလ (၂၆)ရက်နေ့မှာ ထပ်မံရုံးထုတ်မယ်လို့ လိုက်ပါဆောင်ရွက်ပေးနေသူတွေက ဆိုပါတယ်။

ဒေါ်မာမာခိုင်နှင့် ၎င်းအမျိုးသားကို စစ်အုပ်စုက ဖေဖော်ဝါရီလ (၂၅)ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ (၅၀၅) နှင့် တရားစွဲဆိုထားပါတယ်။

မတ်လက စတင်ပြီး ဒေါ်မာမာခိုင်ကို ရုံးထုတ်စစ်ဆေးဖို့ ရုံးချိန်း (၄)ကြိမ်အထိ ခေါ်ယူထားပေမယ့် စစ်အုပ်စုက တစ်ကြိမ်ပြီး တစ်ကြိမ် ရွှေ့ဆိုင်းခဲ့တာဖြစ်ပြီး ယခုတခါ ဧပြီ (၂၆)ရက်နေ့မှာ ရုံးထုတ်ဖို့ ထပ်မံ ချိန်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒေါ်မာမာခိုင်၏ အမျိုသားနှင့်တော့ ရှေ့နေတွေက တွေ့ခွင့်ရပြီး ဒေါ်မာမာခိုင်ကတော့ အမှုကို ကိုယ်တိုင်ထုချေမှာ ဖြစ်လို့ ရှေ့နေတွေနှင့် တွေ့ခွင့်မရနေဘူးလို့ လိုက်ပါဆောင်ရွက်ပေးနေသူတွေက ဆိုပါတယ်။

“နောက်ဆုံးရုံးချိန် မနေ့က ဧပြီ ၂၁ ရက်နေ့မှာတော့ ဦးဉာဏ်ထွန်းနဲ့ တွေ့ခွင့်ရတယ်။ ဒေါ်မာမာခိုင်က သူ့ဟာသူ ထုချေတယ်။ အဲဒါကြောင့် သူနဲ့ တွေ့ခွင့်မရခဲ့ဘူး‌ပေါ့နော်။ဒီနေ့ရုံးချိန်မှာဆိုရင် ဦးဉာဏ်ထွန်းအမှုမှာက ရှာဖွေပုံစံသက်သေလို့ပြောတယ်။သူကပစ္စည်းသိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ခေါ်လို့သွားတယ်။ပစ္စည်းအရည်အတွက် ဘယ်လောက်ရှိလဲ၊ ဘာပစ္စည်းပါလည်းတော့ တိတိကျကျမသိဘူးပြောတယ်။ ဓါတ်ပုံတို့၊ CD ခွေပါတာလောက်ပဲ သိတယ်။ အဲဒီအခွေထဲမှာ ဘာပါလဲတော့ တိတိကျကျမသိရဘူး။သွားပြီးတော့ သက်သေအဖြစ်လက်မှတ်ထိုးလိုက်တယ်။နောက်ပြီး သူတို့နှစ်ဦးရုံးချိန်ကို ဧပြီ ၂၆ ရက်နေ့ ပြန်ချိန်းလိုက်တယ်”လို့ ဆိုပါတယ်။

ဒေါ်မာမာခိုင်နှင့် ၎င်းအမျိုးသားတို့ကိုတော့ ကျိုက်မရော အကျဉ်းထောင်မှာ ဖမ်းဆီးထားတာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။

အလားတူပင် မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံကိုလည်း စစ်အုပ်စုက ဖမ်းဆီးထားပြီး ရုံးထုတ်စစ်ဆေးတဲ့ အခြေအနေကိုတော့ သံလွင်တိုင်းမ်မှ မသိရှိရသေးပါဘူး။

မွန်ပြည်နယ်အတွင်းမှာတော့ NLD ကိုယ်စားလှယ်အပါအဝင် တက်ကြွလှုပ်ရှားသူတွေနှင့် ဆန္ဒဖော်ထုတ်သူတွေ ရာနှင့်ချီ ဖမ်းဆီးခံထားရပြီး အများစုက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) နှင့် တရားစွဲဆို ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.