မော်လမြိုင် ၊ ဧပြီ (၁၈)

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်လို့ မွန်ပြည်နယ်မှာ အဖမ်းခံထားရသူ အနည်းဆုံး (၂၃၂) ဦး ရှိပြီးလို့ ဒီအရေးကို လိုက်ပါဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

မွန်ပြည်နယ် (၁၀) မြို့နယ်မှာ မော်လမြိုင်က အများဆုံးအဖြစ် ဆန္ဒဖော်ထုတ်သူတွေ အပါအဝင် တက်ကြွလှုပ်ရှားသူ (၁၂၀) ဦးနှင့်အထက် ဖမ်ဆီးခံထား ရပါတယ်။

ဒါ့အပြင် သထုံမှာ (၃၁) ဦး ၊ ကျိုက်ထိုမှာ (၁၆) ဦး ၊ သံဖြူဇရပ်မှာ (၂၃) ဦး ၊ ပေါင်မှာ (၃) ဦး ၊ ကျိုက်မရောမှာ (၁၁) ဦး ၊ မုဒုံမှာ (၇) ဦး နှင့် ရေးမြို့မှာ (၂၀) ဦးတို့ ဖြစ်ပါတယ်။

အဖမ်းခံရသူတွေထဲမှာ ဆန္ဒဖော်ထုတ်သူတွေအပြင် သာမာန်အရပ်သားတွေလည်း ပါဝင်ပြီး အသက်(၁၈)နှစ် မပြည့်သေးတဲ့ ကလေးသူငယ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အထက်ပါ စာရင်းတွေကတော့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက်မှုအသင်း (AAPP)က ထုတ်ပြန်တဲ့ စာရင်းနှင့် မြေပြင်က ဖမ်းခံထိတဲ့ အခြေအနေတွေကို ဒီအရေးမှာ လိုက်ပါဆောင်ရွက်ပေးသူတွေက စုဆောင်းထားတာဖြစ်ပြီး လက်လှမ်းမမီလို့ ကျန်ရစ်ခဲ့သူတွေလည်း ရှိနေနိုင်ပါတယ်။

အဖမ်းခံရသူ အများစုကိုတော့ ကျိုက်မရောအကျဉ်းထောင်မှာ ချုပ်နှောင်ထားပြီး ထောင်တွင်းက သီးသန့်တရားရုံးမှာ တရားရင်ဆိုင်နေရပါတယ်။

အများစုကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) နှင့် တရားရင်ဆိုင်နေရပြီး အနည်းငယ်ကတော့ ပြည်သူ့ဝန်ထမ်းက ထုတ်ပြန်တဲ့ အမိန့်ကို ဖီဆန်မှု ပုဒ်မ (၁၈၈) နှင့် တရားစွဲဆိုခံထားရပါတယ်။

အဖမ်းခံရသူတွေဟာ သက်ဆိုင်ရာ ရှေ့နေတွေနဲ့ အပြည့်အဝ တွေ့ခွင့်မရဘဲ အချို့ဆိုရင် လက်ရှိအချိန်ထိ ရှေ့နေနှင့် တစ်ကြိမ်သာ တွေ့ခွင့်ရပြီး တစ်ဦးကို စကားပြောချိန် (၇) မိနစ်ပင် မရခဲ့ဘူးလို့ ရှေ့နေတစ်ဦးက ပြောပါတယ်။

“ ခုနှစ်မိနစ်အတွင်း အားချင်းပြောရတယ် ။ ရှေ့နေတွေက လူးသာလှိမ့်သာပေါ့ ။ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်ပေါ့။ အမှုတစ်ခုလုံးအတွက် လွှမ်းခြုံပြီး မေးခွင့်မရလိုက်ဘူး”လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် အဖမ်းခံထားရသူတွေကို မိသားစုဝင်တွေက ထောင်ဝင်စာတွေ့ခွင် မရနေဘူးလို့လည်း ဆိုပါတယ်။

အချို့ ဖမ်းဆီးခံထားရသူတွေမှာ ဒဏ်ရာတွေ ရရှိထားလို့ ဆေးကုသခွင့် မရမှာကိုလည်း မိသားစုဝင်တွေက စိုးရိမ်နေပါတယ်။

“ ဖမ်းသွားတုန်းက ခေါင်းနဲ့ အခြားနေရာတွေမှာ ဒဏ်ရာရသွားတယ်လို့ သိရတယ်။ အခုထိ တွေ့ခွင့်မရသေးတော့ အထဲမှာ ဘယ်လို နေမလဲ မသိဘူး ။ အန်တီတို့ စိတ်ပူတယ်”လို့ အဖမ်းခံထားရသူတစ်ဦးရဲ့ မိခင်က ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်သူတွေကို စစ်အုပ်စုက နေ့ရောညပါ ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။

ဒါ့အပြင် ဆန္ဒဖော်ထုတ်မှုတွေကို စစ်အုပ်စုက အကြမ်းဖက် ဖြိုခွင်းလို့ ပြည်နယ်အတွင်းမှာ သေဆုံးသူ (၈) ဦး ရှိခဲ့ပြီး ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ ဆန္ဒဖော်ထုတ်သူတွေအပြင် သာမာန်အရပ်သားတွေလည်း ပါဝင်ပြီး အသက် (၁၁) နှစ်အရွယ် အရပ်သားကလေးတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

နိုင်ငံတဝှမ်းမှာတော့ အဖမ်းခံထားရသူဦးရေ (၃၁၅၀) ကျော်ရှိပြီး စစ်အုပ်စုက အကြမ်းဖက်လို့ ကျဆုံးခဲ့သူ (၇၃၀) ကျော် ရှိပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.