မော်လမြိုင် ၊ ဧပြီ (၂)

မော်လမြိုင်မြို့ပေါ် ရပ်ကွက်တချို့မှာတော့ အရင်နှစ်တွေထက်စောပြီး သောက်သုံးရေ ရှားပါးတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။

အရင်နှစ်တွေမှာတော့ ဧပြီလကုန်ပိုင်းမှသာ ရေအရင်းအမြစ်တွေ ခမ်းခြောက်ပေမယ့် အခုနှစ်မှာတော့ မတ်လလယ်ပိုင်းကစပြီး ရေရှားပါးမှုကို ကြုံတွေ့ခဲ့ရတာပါ။

လက်ရှိမှာတော့ မြို့ပေါ်ရပ်ကွက်တွေကို အဓိက ဖြန့်ဝေပေးနေတဲ့ ရွှေနတ်တောင်ဆည်နှင့်ကင်းပွန်ချုံဆည်တို့ ရေခမ်းခြောက်လာပြီးဖြစ်လို့ စမ်းကြီး ၊ သီရိမြိုင် ၊ သီရိမင်္ဂလာ ၊ မောင်ငံ ၊ မုပွန် ၊ ဒေါင်းဇရပ် ၊ မဟာမြိုင် ၊ တောင်ဝိုင်းရပ်ကွက်တို့အပြင် တောင်ပေါ်တန်းက ဘုန်ကြီးကျောင်းတချို့မှာပါ သောက်သုံးရေရှားပါးတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် အချို့ရပ်ကွက်တွေမှာတော့ ရေကားတစ်စီးကို ကျပ် (၅၀၀၀)ကနေ (၁၃၀၀၀) အထိ ပေးပြီး ဝယ်ယူသုံးစွဲနေရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

“အမတို့ဆီမှာ နှစ်တိုင်းရေဝယ်ရတယ် ။ ဒီနှစ်က ပိုစောတယ်။ ပြီးခဲ့တဲ့ လကတည်းက ဝယ်သုံးနေရတယ်။ရေချိုးရင်လည်း ဘယ်နှစ်ခွက်နဲ့ အပြီးချိုးမယ်ဆိုတာမျိုး ဖြစ်နေတာပေါ့”လို့ သီရိမင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ မမေဝတ်မှုံက ပြောပါတယ်။

ရေကားတစ်စီးကို သုံးရက်ခန့်သာ သုံးစွဲရလို့ တစ်ပတ်နှစ်ကြိမ်လောက် ရပ်ကွက်နေသူတွေက ဝယ်ယူသုံးစွဲနေရပါတယ်။

မော်လမြိုင်မြို့က လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့မှလည်း မြို့ပေါ်ရပ်ကွက်တချို့ကို သောက်သုံးရေတွေ အခမဲ့ ဖြန့်ဝေပေးနေပါတယ်။

သူ့ရဲ့အတွေ့အကြုံတွေအရတော့ မော်လမြိုင်မြို့ရဲ့ ရေအရင်းအမြစ် ခမ်းခြောက်မှုပြဿနာဟာ တစ်နှစ်ထက်တစ်နှစ် ပိုစောလာတယ်လို့ ကိုဘိုဝင်းက သုံးသပ်ထားပါတယ်။

“ဒီနှစ်က ပိုစောတယ် ။ မနှစ်က လှုရတာက လေးလပိုင်းကုန်ခါနီးမှ လှူရတာ ။ အခုက သုံးလပိုင်းကတည်းက ရေရှားနေပြီး။ နောက်ပြီး ကင်းပွန်းခြုံရေကလည်း တော်တော်နည်းလာပြီးဆိုတော့ တချို့နေရာတွေ ရေမရတော့ဘူး။ ပိုပြီးတော့ ခမ်းခြောက်လာတာ​တွေ့ရတယ်။ဒီနှစ်က ပိုဆိုးတာပေါ့။တစ်လလောက်စောပြီး ရေကုန်တာကို တွေ့ရတယ်”လို့ ကိုဘိုဝင်းက ဆိုပါတယ်။

မော်လမြိုင်မြို့ကို နေ့စဉ်ဖြန့်ဝေပေးနေတဲ့ ရေဂါလန် သိန်း ၅၀ မှာ ရေဂါလန် သိန်း ၄၀ လောက်ကို ရွှေနတ်တောင်ဆည်နဲ့ ကင်းမွန်ခြုံဆည်  နှစ်ခုကနေ ရရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.