(အယ်ဒီတာ့အာဘော်)

စစ်တပ်မှ အာဏာသိမ်းခဲ့ပြီးချိန်မှစပြီး သတင်းဌာနနှင့် သတင်းထောက်များအတွက် ကြီးစွာသော စိန်ခေါ်မှုရှိလာမည်ဟူသော အသိက တွဲကပ်ပါလာခဲ့သည်။

အထူးသဖြင့် လွတ်လပ်သော ပုဂ္ဂလိက သတင်းမီဒီယာများ၏ လွတ်လပ်စွာ သတင်းရယူ၊ ဖော်ထုတ်၊ တင်ဆင်နိုင်မှုမှာ အများပြည်သူတို့၏ လွတ်လပ်ခွင့်နှင့် သတင်းသိပိုင်ခွင့်ကို ကိုယ်စားပြုသည်ဖြစ်ရာ မည်သို့သော စိန်ခေါ်မှုများရှိ သည်ဖြစ်စေ လွှမ်းခြုံနိုင်သော သတင်းတင်ဆက်မှုကို ပြုလုပ်ရန် သံလွင်တိုင်းမ်ဝိုင်းတော်သားများမှ ဆုံးဖြတ်ခဲ့ကြသည်။

နည်းပါးလှသော သတင်းထောက်များ၊ နည်းပါးလှသော အရင်းအမြစ်များကို အခြေခံပြီး စိန်ခေါ်မှုများသော အာဏာသိမ်းမှုအတွင်း အဖြစ်အပျက်အခြေအနေများကို ကောင်းမွန်စွာတင်ဆက်နိုင်ဖို့ရာမှာ ဒေသမှာ အခြေစိုက်သည့် ပုဂ္ဂလိက သတင်းဌာနငယ်တစ်ခုအတွက် အတော်ပင်မလွယ်ကူခဲ့ပါ။

သို့သော် သံလွင်တိုင်းမ်သတင်းဌာနသည် ဆန္ဒပြမှုအတွင်း၊ ဖမ်းဆီးပစ်ခတ်မှုအတွင်း အများပြည်သူအတွက် တတ်နိုင်သမျှ ခိုင်လုံသော သတင်းတင်ဆက်မှုများစွာကို ဆောင်ရွက်နိုင်ခဲ့သည်။

ယင်းသို့ တင်ဆက်နိုင်ခြင်းမှာလည်း နည်းပါးလှစွာသော သံလွင်တိုင်းမ်ဝိုင်းတော်သားများနှင့် သံလွင်တိုင်းမ်ကို ဝိုင်းဝန်းကူညီကြသော ပြည်သူပြည်သားသတင်းသမားများနှင့် ပြည်သူတို့ကြောင့်သာလျှင်ဖြစ်သည့် အတွက် သံလွင်တိုင်းမ်သတင်းဌာနမှ လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

အချို့သော သတင်းများမှာ အချိန်နှင့် တပြေးညီတင်ဆက်ရသည့်အတွက် အမှားအယွင်းအချို့၊ အားနည်းချက်အချို့လည်းရှိခဲ့သည်။ အချို့သော သတင်းအချက်အလက်များမှာ စုံလင်သောသတင်းအချက်အလက်များ မရသည့်အတွက် သတင်းဖော်ပြမှုမှာ လိုအပ်ချက်များရှိခဲ့သည်။ အချို့သော သတင်းရင်းမြစ်များမှာ ဆက်သွယ်မေးမြန်းလို့ မရသည့်အတွက် ပြည့်စုံသော သတင်းဖော်ပြမှုများ မလုပ်နိုင်ခဲ့သည်များလည်းရှိခဲ့သည်။ ထိုသို့သော အခြေအနေအတွက် နားလည်မှုပေးကြရန်လည်း မေတ္တာရပ်ခံလိုပါသည်။

သံလွင်တိုင်းမ်သတင်းဌာနသည် အန္တရာယ်များအကြား သတင်းရယူတင်ဆက်နေချိန်တွင် သတင်းဌာနထံသို့ ခြိမ်းခြောက်မှုများ၊ မလိုလားမှုများ၊ တုန့်ပြန်မှုများစွာလည်း နေ့စဉ်လက်ခံရရှိခဲ့ပါသည်။ ထို့အတူ မြေပြင်သတင်းရယူရာတွင်လည်း အများစုသော ပြည်သူများက လိုလားလက်ခံကြသည်ရှိသော်လည်း အချို့သော ပြည်သူများမှာ သတင်းထောက်များကို သံသယများရှိ မေးမြန်းစောင့်ကြည့်နေသည်များလည်းရှိနေခဲ့ပါသည်။

သံလွင်တိုင်းမ်သတင်းဌာန၏ သတင်းထောက်များမှာ သတင်းဌာနအသိအမှတ်ပြုကဒ်ပြားများရှိကြပြီး သတင်းထောက်များကိုလည်း ဂရုပြုကာ ဝိုင်းဝန်းကူညီပေးကြဖို့လည်း မေတ္တာရပ်ခံလိုပါသည်။

သံလွင်တိုင်းမ်သတင်းဌာနသည် မော်လမြိုင်အခြေစိုက်ပြီး မွန်ပြည်နယ်ကို ကိုယ်စားပြုသည့် သတင်းများကို လွှမ်းခြုံဖော်ပြနိုင်ရန် ကြိုးစားနေသည့် လွတ်လပ်သော ပုဂ္ဂလိကပိုင် သတင်းဌာနဖြစ်သည်နှင့် အညီ အများပြည်သူတို့၏ လက်ခံအားပေးမှုများကို ခံယူသလို ကြုံတွေ့နေသော စိန်ခေါ်မှုများအကြားတွင် မိမိတို့ ဆောင်ရွက်ရမည့် သတင်းတင်ဆက် ဖော်ပြမှုများကို ဆက်လက်ဆောင်ရွက်နေပါသည်။

လက်ရှိအချိန်တွင် မွန်ပြည်နယ်သတင်းဌာနမက မြန်မာပြည်အနှံ့အပြားက ပေးပို့လာသော ဒေသဆိုင်ရာသတင်းအချက်အလက်များကိုလည်း ထပ်ဆင့်ဖော်ပြလျက်ရှိနေပါသည်။

သံလွင်တိုင်းမ်သတင်းဌာန၏ တင်ဆက်မှုများသည် အားနည်းချက်၊ လိုအပ်ချက်များရှိပါကလည်း သံလွင်တိုင်းမ်သတင်းဌာန၏ Facebook Page Messenger သို့ အချိန်နှင့် တပြေးညီ ပေးပို့ အကြောင်းကြားပေးခြင်း ကူညီပေးနိုင်သလို သတင်းထောက်များ လက်လှမ်းမမီသည့် ဖြစ်စဉ်များကိုလည်း မိမိတို့ တတ်နိုင်သမျှ မှတ်တမ်းတင်ထားပြီး သံလွင်တိုင်းမ်းသတင်းဌာနသို့ ပေးပို့ခြင်းဖြင့်လည်း အများပြည်သူတို့၏ လွတ်လပ်ပိုင်ခွင့်ကို ကာကွယ်နိုင်ပါသည်။

ဒေသတွင်အခြေစိုက်သော လွတ်လပ်သည့်ပုဂ္ဂလိက မီဒီယာဖြစ်သော သံလွင်တိုင်းမ်သတင်းဌာန ကောင်းမွန်စွာရှင်သန်လည်ပတ်နိုင်ရန် အများပြည်သူတို့၏ ဝိုင်းဝန်းပံ့ပိုး ကူညီမှုများဖြင့်သာ ဖြစ်နိုင်မည်ဖြစ်ပါသည်။

အယ်ဒီတာ

သံလွင်တိုင်းမ်သတင်းဌာန

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.