မော်လမြိုင် ၊ ဇန်နဝါရီ (၂၈)

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို တက်ရောက်မယ့် ကိုယ်စားလှယ်တွေ ပြည်သူ့အကျိုးကို ထမ်းဆောင်ရာမှာ ဥပဒေဘောင်အထဲက ဆောင်ရွက်ပေးဖို့ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက တိုက်တွန်းလိုက်ပါတယ်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဟာ အစိုးရကို ထိန်းကျောင်းတဲ့နေရာမှာ အခြားတိုင်းနဲ့ပြည်နယ်က လွှတ်တော်တွေထက် ပိုမိုစွမ်းဆောင်နိုင်ခဲ့ပါတယ်။

လွှတ်တော်သက်တမ်း(၅)နှစ်အတွင်း ပုံမှန်အစည်းအဝေး (၁၇)ကြိမ် ၊ အထူးအစည်းအဝေး (၂) ကြိမ်နဲ့ အရေးပေါ်အစည်းအဝေး (၁) ကြိမ် ခေါ်ဆိုခဲ့ပြီး မေးခွန်း (၆၀၀)ကျော်နဲ့ အဆို (၄၈) ခုကို တင်သွင်း မေးမြန်းခဲ့ပါတယ်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ဝန်ထမ်းတွေ နဲ့ ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက် အားလုံးဟာလည်း အဂတိတရား (၄)ပါး ကင်းစင်ခဲ့တယ်လို့ လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုထားပါတယ်။

ဒါကြောင့် တတိယအကြိမ် လွှတ်တော်ကို တက်လာမယ့် ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူ့အကျိုးကို စွမ်းဆောင်ရာမှာ ဥပဒေဘောင်ထဲက ဆောင်ရွက်ပေးဖို့ လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက တိုက်တွန်းလိုက်ပါတယ်။

“အလုပ်လုပ်တဲ့အခါမှာလည်း ပြည်သူ့အကျိုးကို ကြည့်ပြီး ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေအတိုင်း လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပေးပါ။ နောက်ပြီးတော့  ပြည်သူ့အကျိုးကို ဆောင်ရွက်ရာမှာလည်း ဥပဒေဘောင်ထဲက အတိုင်း ဆောင်ရွက်ပေးပါလို့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်း (၅)နှစ်နီးပါးမှာ စီမံခန့်ခွဲမှုနဲ့ သက်ဆိုင်တဲ့ ဥပဒေ (၅) ခုကို အတည်ပြု ပြဌာန်းခဲ့ပြီး ဆွေးနွေးဆဲ ဥပဒေကြမ်း (၄)ခုလည်း ရှိပါသေးတယ်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကတော့ ယခုသီတင်းပတ်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး တတိယအကြိမ် မွန်လွှတ်တော်ကို ဖေဖော်ဝါရီလ (၉)ရက်နေ့မှာ စတင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

တတိယအကြိမ် မွန်လွှတ်တော်မှာတော့ NLD ပါတီက ကိုယ်စားလှယ် (၁၇)ဦး ၊ မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ် (၆) ဦး နဲ့ တပ်မတော်သား ကိုယ်စားလှယ် (၈)ဦးတို့ ပါဝင်သွားမှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.