မော်လမြိုင် ၊ ဇန်နဝါရီ (၁၈)

အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခံရပါက ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့ မွန်ညီညွတ်ရေးပါတီက ရွေးကောက်ခံကိုယ်စားလှယ်တွေ ကတိပြုခဲ့ကြပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ညီညွတ်ရေးပါတီဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ကိုယ်စားလှယ် (၁၂) ဦး အနိုင်ရရှိခဲ့ပါတယ်။

အနိုင်ရရှိခဲ့တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၂ ဦးဟာ တာဝန်ထမ်းဆောင်ရမယ့် သက်တမ်း ၅ နှစ်အတွင်း လိုက်နာရမယ့် အချက် ၉ ချက်ကို ဇန်နဝါရီ ၁၆ ရက်နေ့က ပါတီဗဟိုမှာ လက်မှတ်ထိုး ကတိပြုခဲ့ကြပါတယ်။

အဲ့ဒီအချက်တွေထဲက တစ်ခုဖြစ်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခံရပါက ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့ကိုလည်း ကတိပြုခဲ့ရတယ်လို့ မွန်ညီညွတ်ရေးပါတီ ရွေးကောက်ခံ ကိုယ်စားလှယ် နိုင်လိယတမက ပြောပါတယ်။

“အစိုးရအဖွဲ့မှာ ပါဝင်ခြင်း မပါဝင်ခြင်း ဆိုတဲ့ကိစ္စတွေကို ဒါကပါတီဗဟိုရဲ့ အဆုံးအဖြတ်အပေါ်မှာ လိုက်နာရမယ်၊ ပါတီဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းအတိုင်းကို လိုက်နာပြီးတော့ ဆောင်ရွက်သွားကြဖို့နဲ့ ပါတီရဲ့မူဝါဒ နိုင်ငံရေးလမ်းစဉ်ကို အခြေခံပြီးတော့ အဆိုပြုတာတွေ မေးခွန်းမေးတာတွေ ဒီအချက်တွေပေါ့ နောက်တစ်ခါ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ မြို့နယ်ပါတီတွေရဲ့ သဘောတူညီချက်နဲ့ ဆောင်ရွက်သွားဖို့ အဓိက ကဒါတွေပေါ့ အားလုံးကတော့ (၉)ချက်ရှိပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုယ်စားလှယ်တွေအနေနဲ့ အဆိုတွေ မေးခွန်းတွေ မေးမြန်းရာမှာ ပါတီနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သက်ဆိုင်ရာမြို့နယ်ပါတီ ကော်မတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ကိုလည်း ကတိပြုခဲ့ကြပါတယ်။

အစိုးရကို ထိန်းကျောင်းရာမှာတော့ အခြားသော တိုင်းရင်းသား မဟာမိတ်ပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်သလို မွန်ညီညွတ်ရေးပါတီကလည်း အတိုက်အခံအဖြစ်နေပြီး အကောင်းဆုံး ထိန်းကျောင်းသွားမယ်လို့ မွန်ညီညွတ်ရေးပါတီ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ပြောပါတယ်။

“မှန်တယ်ဆိုရင် ထောက်ခံ ဆွေးနွေးမယ် ထောက်ခံ အားပေးမယ်။ မှားတယ်လို့ မြင်ရင် အကျိုးမရှိဘူးလို့ မြင်ရင် ဝေဖန်မယ် ထောက်ပြမယ်”လို့ ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ အခု ရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၁ နေရာ အနိုင်ရထားသလို ကရင်ပြည်နယ်မှာလည်း လွှတ်တော် ကိုယ်စားလှယ် ၁ နေရာ၊ စုစုပေါင်း ၁၂ နေရာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.