မော်လမြိုင် ၊ ဇန်နဝါရီ (၈)

မွန်ပြည်နယ်မှာ ၂၀၂၀ ခုနှစ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု (၈၀၀)ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူက (၂၄၀)ဦး ရှိခဲ့တယ်လို့ မွန်ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ခုနှစ် တစ်နှစ်တာ အတွင်းမှာ ယာဉ်မတော်ဆမှုပေါင်း(၈၅၈)မှု ဖြစ်ပွားခဲ့ပြီး အဲဒီထဲမှာ ဒဏ်ရာရရှိသူတွေက (၁၃၂၄)ဦးနဲ့ သေဆုံးသူက (၂၄၇)ဦးအထိ ရှိခဲ့တာပါ။

“အမှန်တကယ်က ယာဉ်မတော်တမှုက ၂၀၂၀ မှာ ပိုပြီး‌လျော့ကျသင့်တာ ဘာကြောင့်လဲဆိုတော့ ၂၀၂၀ မှာဆိုရင် မတ်လကုန် ဧပြီက စပြီးတော့ ကျွန်တော်တို့ ကိုဗစ်ရောဂါ ကပ်ဘေးကြီးကျရောက်တဲ့အချိန်မှာ Stay At Home သတ်မှတ်တာတွေလည်း ရှိတယ်၊ ညမထွက်ရအမိန့်သတ်မှတ်တာတွေ ရှိတယ်၊ ဒီဟာတွေ မရှိပေမယ့်လည်း ယာဉ်တိုက်မှုတွေ လျော့ကျမသွားဘဲ ပိုပြီးတော့ ဖြစ်လာတာတွေ့ရတယ်၊ ခုဏကပြေသလိုပဲ ယာဉ်မောင်းတွေက မဆင်မခြင်နဲ့ သွားလာနေတုန်းပဲဆိုတာကို သုံးသပ်လို့ရတာပေါ့နော်”လို့ အမှတ်(၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံး ရဲမှူး ဉာဏ်လင်းက ပြောပါတယ်။

ကိုဗစ်ကာလမှာ ဖမ်းဆီးအရေးယူမှုတွေ လျှော့ချလိုက်တဲ့အတွက် ပြည်သူတွေရဲ့ ယာဉ်စည်းကမ်းလိုက်နာမှုဟာ အရင်ကထက် ပိုမို အားနည်းခဲ့တယ်လို့ ရဲမှူးက သုံးသပ်ထားပါတယ်။

ဒါကြောင့် လက်ရှိမှာ ဆိုင်ကယ်နံပါတ်တပ်ဆင်ခြင်းမရှိတဲ့ယာဉ်တွေ ၊ မီးနီဖြတ်မောင်းယာဉ်တွေနဲ့ သက်မှတ်ဦးရေထက် ပိုတင်ဆောင်လာတဲ့ယာဉ်တွေကို စတင်ဖမ်းဆီးအရေးယူနေပြီးလို့ ဆိုပါတယ်။

“လျော့ချထားတယ်ဆိုတော့ အခုကတော့ မဖြစ်မနေ ကျွန်တော်တို့က လမ်းပေါ်မှာ တော်တော်ကြီးလည်း မဖမ်းတဲ့အခါမှာ လူတွေက ပိုပြီးတော့တောင် စည်းကမ်းပျက်လာတယ်၊ အဲဒါကြောင့် ကျွန်တော်တို့က အခုဆိုရင် နံပါတ်ပြားမပါတဲ့ ဆိုင်ကယ်တွေ ပြန်ဖမ်းတယ်၊ ဘာလို့လည်းဆိုတော့ သထုံမှာ ကျွန်တော်တို့ ဘဏ်ဓားမြတိုက်သွားတဲ့ နှစ်ကြိမ်လုံးဟာ ဆိုင်ကယ်နံပါတ်မပါဘူး၊ ဒီတိုင်းတိုက်သွားကြတယ်၊ (အမှုပြန်လိုက်ရခက်တယ်)အဲဒါကြောင့် နံပါတ်ပြားမပါတဲ့ဆိုင်ကယ်လက်ရှိဖမ်းပါတယ်၊ အခုက လူတွေက မီးပွိုင့်တပ်ဆင်ထားသော်လည်း လူတွေက မလိုက်နာဘူး၊ မီးပွိုင့်တောင် ဂရုမစိုက်ဘူး၊ သူ့ဟာသူ နီချင်နီ စိမ်းချင်စိမ်း၊ သွားချင်တာသွား အဲလိုဖြစ်နေတယ်၊ မီးနီတွေ ဝင်တဲ့ ယာဉ်တွေ၊ နောက်ပြီး ဆိုင်ကယ်တွေ နှစ်ယောက်ပဲ စီးရမယ်ဆိုပြီး ညွှန်ကြားထားတယ်၊ ခုဆို သုံးယောက်စီးတယ်၊ လေးယောက်စီးတယ်၊ အဲဒါကြောင့် ဒီသုံးလေးယောက်စီးတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးနေပါတယ်”လို့ ရဲမှူး ဉာဏ်လင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်မှာတော့ မွန်ပြည်နယ်မှာ  ယာဉ်မတော်တဆမှု (၇၀၅)မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ(၁၁၀၄)ဦးနဲ့ သေဆုံးသူက (၂၄၀)ဦးရှိခဲ့ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.