USDP ထောက်ခံသူတွေ အောက်တိုဘာလ(၂၀)ရက်နေ့က မော်လမြိုင်မြို့မှာ လှည့်လည်အင်အားပြစဉ်

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၅)

၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်မှာ USDP ပါတီက ကန့်ကွက်လွှာ (၂၃)စောင်တင်ထားတယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲနည်းဥပဒေအရ သက်ဆိုင်ရာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်မှာ ရွေးကောက်ပွဲ ရလဒ်ကို ကြေညာပြီးတဲ့ရက်မှ၍ (၄၅)ရက်အတွင်း ကန့်ကွက်လွှာတွေကို တင်သွင်းနိုင်ပါတယ်။

ကန့်ကွက်လွှာတွေထဲမှာတော့ usdp ပါတီကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်တာ ၁၈ ခုနဲ့ ကိုယ်စားလှယ်ကို ကန့်ကွက်တာ ၅ ခု ပါဝင်တယ်လို့ ဆိုပါတယ်။

“ကန့်ကွက်တာက UEC ကို ကန့်ကွက်ထားတာရှိတယ် ကိုယ်စားလှယ်တွေကို ကန့်ကွက်ထားတာလဲရှိတယ်၊ ပါတီက ကော်မရှင်ကို ကန့်ကွက်တာက ၁၈ ခုရှိတယ် ကိုယ်စားလှယ်ကို ကန့်ကွက်တာက ၅ ခု ရှိတယ်” လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦးက ပြောပါတယ်။

ကန့်ကွက်လွှာတင်သွင်းသူဟာ မိမိရဲ့ကန့်ကွက်လွှာနဲ့အတူ နိုင်ငံတော်က ကုန်ကျမည့် အမှုစရိတ်အတွက် ငွေကျပ် ၅ သိန်းကို ကော်မရှင်က သတ်မှတ်ပေးသွင်းရမှာ ဖြစ်ပါတယ်။

အဆိုပါ တင်သွင်းထားတဲ့ အမှုစရိတ် ငွေကျပ် ၅ သိန်းကိုတော့ မည်သည့်အကြောင်းကြောင့်နဲ့မျှ ပြန်လည်ထုတ်ယူခွင့် မရှိဘူးလို့ သိရပါတယ်။

USDP ပါတီဝန်းရံသူတွေကလည်း သံဖြူဇရပ်မြို့နဲ့ မုဒုံမြို့တို့မှာ ကော်မရှင် ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး ကျန်မြို့နယ်တွေမှာလည်း ဆက်လက်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ မွန်ပြည်နယ်အတွင်းမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေအပါအဝင် နိုင်ငံရေးပါတီ (၁၇)ခုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီနဲ့ မွန်ညီညွတ်ရေးပါတီကသာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.