မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄)

လူစုလူဝေးဖြစ်မယ့် ပွဲလမ်းသဘင်တွေကို အစိုးရအနေနဲ့ ခွင့်ပြုချက်မပေးဖို့ ကျန်းမာရေးဌာနက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ပွင့်လင်းရာသီ ရောက်လာတာနဲ့အတူ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေ ၊ နှစ်သစ်ကူး ပွဲတော်တွေနဲ့ အခြားပွဲလမ်းသဘင်တွေမှာ လူစုလူဝေးဖြစ်မှာကို ကျန်းမာရေးဌာနက စိုးရိမ်နေတာပါ။

လက်ရှိ မွန်ပြည်နယ်ရဲ့ ကိုဗစ်-၁၉ ကူးစက်မှုဟာ မလျော့ကျသေးဘဲ လူထုအကြား ပျံ့နှံ့နေတာကြောင့် လူစုလူဝေး မလုပ်တာဟာ အကောင်းဆုံး ကာကွယ်မှုလို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ အပြင်သွားရင် လက်ဆေး mask တပ်ဖို့နဲ့ ပွဲလမ်းသဘင်တွေကို ယာယီရပ်နားထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“ကာကွယ်နည်းက ဒီနည်းလမ်းဘဲ ရှိတာပေါ့၊ မက်စ်တပ်ဖို့၊ လက်ဆေးဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့၊ လူစုလူဝေးမပြုလုပ်ကြဖို့၊ ဒါတွေကလည်း ဒီပွဲလမ်းသဘင်ရက်တွေကလည်း နီးလာပြီးဆိုတော့ ဒါလေးတွေကိုတော့ အတက်နိုင်ဆုံး ဒီနှစ်ကိုတော့ အောင့်အီးထားကြဖို့ ပြောချင်တယ်၊ အဓိက ကိုယ့်ပြည်သူလူထုရဲ့ သက်ဝင်ယုံကြည်မှုအရ သက်ဆိုင်ရာက လုပ်နိုင်အောင် ဖွင့်ပေးထားတာဆိုတော့ ကိုယ်မလိုက်နာရင် ကိုယ့်ပြည်သူလူထုတွေပဲ ခံရမှာပေါ့၊ အစိုးရကတော့ သူဖွင့်သင့်တာဖွင့်၊ ပိတ်သင့်တာပိတ်မယ်၊ ကျန်းမာရေးဘက်ကဘဲ ပြောလို့ရမှာပေါ့၊ ကျန်တာက လူထုအတွက် လုပ်ပေးနေကြတာပဲဆိုတော့ အများကြီးလည်း မပြောချင်တော့ဘူး”လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။

လက်ရှိမှာတော့ အတည်ပြုလူနာတွေဟာ ဆက်တိုက်များပြားလာတာကြောင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးဟာ အရင်ကထက် လူနာ(၃)ဆကို စောင့်ကြည့်ကုသပေးနေရပါတယ်။

ဒါ့ကြောင့် ကျန်းမာရေးဝန်ထမ်းတွေမှာ အရင်ကထက် ပိုပင်းပန်းလာပြီး ရေရှည်ကုသနိုင်ဖို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အစိုးရကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိရင် ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီဇင်ဘာလ (၂၄)ရက်နေ့ညထုတ်ပြန်ချက်ရဆိုရင် မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၂၂၀၀) နီးပါးရှိပြီး အဲဒီထဲကနေ သက်သာလို့ ဆေးရုံက ဆင်းခွင့်ရရှိသူ(၂၀၀၀)ခန့်ရှိပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.