မော်လမြိုင် ၊ ဒီဇင်ဘာ (၁၈)

ကိုဗစ်-၁၉ အကြပ်အတည်းကာလ ဆားစျေးကွက်မှာ ဝယ်လိုအားကျလာတဲ့အတွက် မွန်ပြည်နယ်က ဆားလုပ်ငန်းရှင်တွေဟာ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။

မွန်ပြည်နယ်မှာတော့ ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလလယ်ခန့်မှာ စတင်ပြင်ဆင်ကြပြီး ဒီဇင်ဘာမှာဆိုရင် ဆားကြမ်းစတင်ထုတ်လုပ်ကြပါတယ်။

မွန်ပြည်နယ်က ထွက်တဲ့ဆားတွေကိုတော့ ပြည်နယ်အတွင်း အသုံးပြုတဲ့အပြင် အထက်မြန်မာပြည် မန္တလေးစျေးကွက်နဲ့ တနသာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းစျေးကွက်တို့ကို အဓိက တင်ပို့ရောင်းချနေတာပါ။

အခုအခါမှာတော့ နယ်မြေဖြတ်ကျော်သွားလာခွင့် အခက်အခဲတွေကြောင့် ဆားစျေးကွက်မှာ ဝယ်လိုအား ကျနေပြီး စျေးနှုန်းကလည်း အနိမ့်ဆုံး ရောက်နေတယ်လို့ မွန်ပြည်နယ်ဆားလုပ်ငန်းရုံးက ဒုတိယညွှန်ကြားရေးမှူး ဦခင်ဝင်းက ပြောပါတယ်။

“ကိုဗစ်ကြောင့် ကုန်ထုတ်လုပ်ငန်းတွေ ရပ်ဆိုင်းတော့ ဆားနဲ့ ပတ်သက်ပြီး ထုတ်လုပ်တဲ့ဟာတွေက ရေလုပ်ငန်း အရင်တုန်းက တန် ၁၀၀၀ ဝယ်တယ်ဆိုလို့ရှိရင် အခု တန် ၁၀၀ တောင်မရှိဘူး ဝယ်တာ ဆားတွေကလည်း ပုံနေတယ် လုပ်မှမလုပ်ရတာ ကိုဗစ်ကြောင့် ဆားစေ◌ျးနှုန်းကလည်း ၆၅ ကျပ်လောက်ပဲရှိတော့ အရင်းအနှီးကိုက ၇၅ ကျပ်လောက်မှာရှိတာ အရှုံးနဲ့ပဲ ကြုံနေရတာပေါ့နော်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဆားကြမ်းစျေး တစ်ပိဿာ ၆၀ နဲ့ ၇၀ ကျပ်အကြားမှာသာရှိနေပြီး မနှစ်က ဒီလိုအချိန်မှာဆိုရင် ဆားကြမ်းတစ်ပိဿာစျေး ၂၀၀ ကျပ်အထိရှိခဲ့တယ်လို့ ဆားတောင်သူတွေက ပြောပါတယ်။

တောင်သူတွေအနေနဲ့ ဆားကြမ်းတစ်ပိသာရဖို့ (၇၀)ကျပ် ရင်းထားရတာကြောင့် ရောင်းစျေး အနည်းဆုံး (၉၀) နဲ့ (၁၀၀) ကျပ်ရမှသာ အဆင်ပြေမယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ သံဖြူဇရပ်မြို့နယ် ပငရွာ၊ ကရုပ္ပိရွာ ၊ ကျိုက်ခမီမြို့နဲ့ စက်စဲ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာနဲ့ ရေးမြို့နယ် ပလိုင်ကီးကျွေရွာတို့မှာ နေလှမ်းဆား အများအပြား ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.