မော်လမြိုင် ၊ နိုဝင်ဘာ (၁၆)

ကျိုက်ထီးရိုးတောင်ပိတ်မှု (၈)လနီးပါး ကြာမြင့်လာတဲ့အတွက် တောင်ပေါ်မှာနေထိုင်သူ (၃၀၀၀)နီးပါး စားဝတ်နေရေးအခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့ တောင်ပေါ်နေထိုင်သူတွေက ပြောပါတယ်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကိုတော့ နှစ်စဉ် သီးတင်းကျွတ်လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့အထိ ကျင်းပလေ့ ရှိတာပါ။

လက်ရှိမှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မတ်လခန့်က စပြီး ကျိုက်ထီးရိုးတောင်ကို ခေတ္တပိတ်ထားခဲ့ရာ ၈ လခန့်ကြာမြင့်ပြီး ဖြစ်ပါတယ်။

တောင်ပိတ်ထားလို့ ဘုရားဖူးများ လာရောက်ခြင်းမရှိသည့်အတွက် တောင်ပေါ်နေမိသားစုဝင်(၃၀၀၀)နီးပါးဟာ အလုပ်အကိုင် ရှားပါးပြီးတော့ စားဝမ်းနေရေး အခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“အခုက ရောင်းဝယ်ရေးလည်းမရှိ၊ လုပ်ငန်းတွေကလည်း ကိုဗစ်ကြောင့် ပိတ်ထားရ၊ ဘုရားပွဲတော်ကလေ၊ အဲဒီတော့ ဒီမှာက စားဝမ်းနေရေးပြဿနာက အဓိကတွေ့နေတာပေါ့၊ အလုပ်အကိုင်ကလည်း ဒီအပေါ်မှာဘာအလုပ်မှ မရှိဘူး၊ ဥပမာ- ဒီအပေါ်မှာ ဆိုက်တစ်ခုခုက အလုပ်လုပ်ရင်ဆိုရင်ပေါ့၊ သွားလုပ်ရင်တော့ ပိုက်ဆံရတာပေါ့၊ အခုဟာက အလုပ်လုပ်ချင်တဲ့သူက ရှိတယ်၊ အလုပ်ခိုင်းတဲ့သူကမရှိတော့ ပိုက်ဆံရှာရဖွေရအခက်အခဲရှိလာတဲ့အတွက် ဒီစားဝမ်းနေရေးက တော်တော်လေးကို အခက်အခဲဖြစ်လာတယ်ပေါ့။ ဥယျာဉ်ခြံမြေက အောက်မှာလည်း အတည်တကျမရှိကြဘူး၊ အောက်ပြန်လို့လည်းအလုပ်ကမရ၊ နေစရာလဲမရှိ အဲလိုမျိုးတွေ ဖြစ်တာပေါ့”လို့ ကျိုက်ထီးရိုးတောင်ပေါ်နေထိုင်သူ ဦးကျော်မင်းဦးက ပြောပါတယ်။

ကျိုက်ထီးရိုးတောင်ပေါ်ရှိနေအိမ်များ

ဒါကြောင့် အစိုးရအနေနဲ့ အခြေခံလုပ်သားတွေကို ထောက်ပံ့ကြေးပေးတဲ့အခါမှာ တောင်ပေါ်မှာ နေထိုင်သူတွေကိုပါ  ထောက်ပံ့ပေးစေလိုတယ်လို့ ဆိုပါတယ်။

“ အားလုံးက ဒုက္ခရောက်ကြတယ်၊ မနက်စာ ညစာပေါင်းစားရတဲ့အခြေအနေတွေပါ။ အားလုံးအားလုံး ကျွန်တော်အပါအဝင်ပါ။ အားလုံးကဒီအတိုင်းပဲ ဖြစ်နေတဲ့အခါကျတော့ဟာ ကျွန်တော်တို့အားလုံးကို ခွဲခြားပြီး ပေးလို့မရဘူး၊ ဒီအစိုးရပေးတဲ့ ထောက်ပံ့ကြေးပေးတွေပေါ့၊ ကျွန်တော်တို့က တစ်ယောက်ကို ၃၀၀၀ စီ၊ ၄၀၀၀ စီ မျှဝေပေးပြီး သုံးနေကြတယ်ပေါ့၊ အစိုးရတစ်ရပ်အနေနဲ့လည်း တက်နိုင်ခဲ့ရင် လက်ရှိရှိနေတဲ့ အိမ်ထောင်စုအားလုံးကို နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အားလုံးကို ထောက်ပံ့ပေးစေချင်ပါတယ်”လို့ ကျိုက်ထီးရိုးတောင်ပေါ်နေထိုင်သူ ဦးအောင်စိုးလင်းက ပြောပါတယ်။

ကျိုက်ထီးရိုးစေတီတော် ဘုရားပွဲရာသီကာလအတွင်းမှာ စီးပွားရှာပြီး နေထိုင်သူ (၅၀၀၀) ဝန်းကျင်ခန့်ရှိပြီး ပုံမှန်နေထိုင်သူကတော့ (၃၀၀၀) ကျော်ရှိတယ်လို့ ကျိုက်ထီးရိုးတောင်တော် အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.