ချောင်းဆုံမြို့တွင် MUPဝန်းရံသူများ လှည့်လည်အင်အားပြစဉ်

မော်လမြိုင် ၊ နိုဝင်ဘာ (၁၂)

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက်မှာ မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်း (၁၂) ဦးအနိုင်ရပြီး ပြည်ထောင်စုလွှတ်တော်အတွက် (၅)နေရာ ရရှိခဲ့ပါတယ်။

မွန် ၊ ကရင် ၊ တနင်္သာရီဒေသအပြင် ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မွန်ညီညွတ်ရေးပါတီဟာ မွန်ပြည်နယ်မှာ (၁၁) နေရာအထိ အနိုင်ရခဲ့ပြီး ကရင်ပြည်နယ်မှာတော့ (၁)နေရာ အနိုင်ရရှိခဲ့ပါတယ်။

မွန်ပြည်နယ်အတွင်းမှာဆိုရင် ပြည်သူ့လွှတ်တော်အတွက် (၂) နေရာ ၊ အမျိုးသားလွှတ်တော်အတွက် (၃)နေရာ အနိုင်ရခဲ့တာကြောင့် ပြည်ထောင်စုလွှတ်တော်မှာ မွန်ညီညွတ်ရေးပါတီက (၅)နေရာ ရရှိမှာ ဖြစ်ပါတယ်။

အခုလို ပြည်ထောင်စုလွှတ်တော်မှာ ပါဝင်နိုင်ခဲ့တဲ့အတွက် မွန်ညီညွတ်ရေးပါတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို တပ်မတော်အပါအဝင် အခြားအစုအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီမှ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ပြောပါတယ်။

“ဒီဥပေဒကို ကြိုက်တယ်လို့ မဟုတ်ဘူး။ဒီဥပဒေကို ပြင်ကိုပြင်ရမယ် မပြင်ရင် ကျွန်တော်တို့လိုအပ်တဲ့ တိုင်းရင်းသား အခွင့်အရေး တန်းတူအခွင့်အရေးဆိုတာ ဘယ်လိုမှ မရဘူး”လို့ မွန်ညီညွတ်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဗညာအောင်မိုးက ပြောပါတယ်။

ပြည်နယ်လွှတ်တော်မှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း ဥပဒေပြုမှုတွေကို အကောင်းဆုံး ဆောင်ရွက်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီမှ အနိုင်ရ ရေးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်ထူးက ပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုမှုကို ပြည်နယ်အဆင့်မှာ လုပ်ပိုင်ခွင့် ဘောင်ထဲက အတတ်နိုင်ဆုံး  ပြင်ဆင်ဆောင်ရွက်သွားမယ်လို့ လူထုကို ပြောပြထားချင်ပါတယ်”လို့ မွန်ညီညွတ်ရေးပါတီ ရေးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မင်းအောင်ထူးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ မွန်တိုင်းရင်းသား နှစ်ပါတီပေါင်းမှ ကိုယ်စားလှယ်လောင်း (၄) ဦးသာ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲထက် ၂၀၂၀ ရွေးကောက် ပွဲမှာ မွန်၊ ရခိုင်နဲ့ ကယားပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီတွေဟာ အနိုင်ရမှု အခြေအနေ ပိုမိုအားကောင်းလာပြီး ချင်းနဲ့ ကရင်ပြည်နယ် အခြေစိုက် ပါတီတွေကတော့ ထင်သဘောက် အနိုင်မရခဲ့ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.