မော်လမြိုင် ၊ နိုဝင်ဘာ (၁၁)

ရွေးကောက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကော်မရှင်အနေနဲ့ မြေပြင်ထိ ကွင်းဆင်း မဖြေရှင်းနိုင်ခဲ့ဘူးလို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

မွန်ပြည်နယ်လူထုဆုံရပ်အဖွဲ့ဟာ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး မွန်ပြည်နယ်အတွင်း ပြိုင်ဆိုင်မှု ပြင်းထန်နိုင်တဲ့ မဲဆန္ဒနယ်တွေနဲ့ ပဋိပက္ခဖြစ်ပွားနိုင်တဲ့နေရာတွေကို အဓိကထားပြီး စောင့်ကြည့်လေ့လာခဲ့တာပါ။

အာ့ဒီလိုလေ့လာခဲ့ရာမှာ ကော်မရှင်အဖွဲ့ဝင်တွေဟာ သက်ကြီးပိုင်းတွေ ဖြစ်တာနဲ့အတူ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် မြေပြင်ကွင်းဆင်းဖို့ အခက်အခဲတွေ ကြုံတာကို တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြေပြင်ပြသနာတွေကို ဖြေရှင်းဖို့အခက်အခဲ ရှိခဲ့ပြီး စောင့်ကြည့်လေ့လာသူတွေနဲ့ မီဒီယာတွေအပေါ် သတင်းထုတ်ပြန်မှု အားနည်းတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်နယ်/ခရိုင်/မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေပေါ့နော်၊ သတ်မှတ်ချက်အရတော့ သက်ကြီးပိုင်းတွေ ဖြစ်ကြတာများတယ်၊ ဒါကြောင့်မို့လို့ ကိုဗစ်ကာလလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီပုဂ္ဂိုလ်တွေဟာ ရွေးကောက်ပွဲဖြစ်စဉ်တွေမှာ မြေပြင်ကို ဆင်းပြီးတော့ တချို့ပြဿနာတွေကို တိုက်ရိုက်ဖြေရှင်းပေးဖို့ကလည်း သူတို့မှာ အခက်အခဲရှိနေတယ်၊ အဲဒီအခက်အခဲတွေအပြင် သူတို့ကို တွေ့ဆုံဖို့ကလည်း စောင့်ကြည့်လေ့လာသူတွေ အပါအဝင်၊ မီဒီယာသမားတွေလည်း သူတို့ကို တွေ့ဖို့က အခက်အခဲရှိတယ်၊ အဲဒီဟာက ဘာပဲပြောပြော ရွေးကောက်ပွဲမှာ သတင်းထုတ်ပြန်မှုတွေ၊ ဖြေရှင်းမှုတွေအတွက်တော့ နည်းနည်းလေးတော့ အနှောက်အယှက်ရှိတယ်”လို့ မွန်ပြည်နယ်လူထုဆုံရပ်အဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဇော်ထွန်းက ပြောပါတယ်။

ဒါ့အပြင် မဲရုံတွေမှာ ကိုဗစ်-၁၉  ကန့်သတ်ချက်နဲ့အတူ လုပ်ဆောင်ခဲ့ပေမယ့် ဆန္ဒမဲပေးသူ များလားတဲ့အတွက် စည်းကမ်းချက်တွေကို လိုက်နာမှု အားနည်းခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အမိန့်ကြေညာချက်တွေကိုလည်း အောက်ခြေကော်မရှင်အဖွဲ့ဝင်တွေက အဓိပ္ပာယ်ကောက်လွဲပြီး လုပ်ဆောင်ချက် မှားယွင်းမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲနေ့ မဲရုံအချို့မှာ ဖြေရှင်းရတာတွေ ရှိပေမယ့် ကြီးကြီးမားမား ပြသနာတွေတော့ မရှိခဲ့ဘူးလို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ဆိုပါတယ်။

“မဲရုံတိုင်းလိုလိုတော့ရှိတယ် ဖြေရှင်းလို့ရတဲ့ ကိစ္စတွေရှိတယ် အကုန်လုံးက ဖြေရှင်းဆောင်ရွက်လို့ရတာပါ ဘာဖြစ်လို့လဲဆိုရင် ဥပဒေကြောင်းအရ သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ အခန်း ၁၃ မှာပါတဲ့ ပြစ်မှုပြစ်ဒဏ်တွေကျရင်လဲ ရပ်ကျေးကော်မရှင်တွေက တရားစွဲပြီးတော့ ဆောင်ရွက်နေတာလဲရှိပါတယ်”လို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်အတွင်းမှာ မဲရုံ (၉၇၃) ရုံ ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်တစ်ဝှမ်းမှာ ဆန္ဒမဲလာပေးသူ (၁၀)သိန်း ၇ သောင်းကျော် ရှိခဲ့ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.