မော်လမြိုင် ၊ နိုဝင်ဘာ (၁၀)

၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ကော်မရှင်ဆီ ရောက်လာတဲ့ တိုင်ကြားစာတွေကို စိစစ်သွားတော့မယ်လို့ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ဆောင်ချက်တွေအပေါ် အစိုးရအဖွဲ့ဝန်ကြီးက ဩဇာအာဏာသုံးပြီး ဖိအားပေးတာတွေ ၊ ကြိုတင်မဲကောက်ခံတာနဲ့ပတ်သက်တဲ့ တိုင်ကြားစာတွေ ၊ တံဆိပ်တုံးအတု ကိုင်ဆောင်သူတွေနဲ့ အယောင်ဆောင်မဲပေးမှုတွေကို ကော်မရှင်က အမှုဖွင့် အရေးယူထားတာတွေ ရှိပါတယ်။

ဒီအခြေအနေတွေကို နိုဝင်ဘာလ (၈)ရက်နေ့နောက်ပိုင်းကစပြီး စိစစ်သွားတော့မယ်လို့ မော်လမြိုင်မြိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးလွင်က ပြောပါတယ်။

“ ရွေးကောက်ပွဲမှာ တိုင်စာတွေ တက်လာတာ ရှိပါတယ်။ အာ့တာတွေကို (၈)ရက်နေ့နောက်ပိုင်းမှာ စိစစ်ပါတော့မယ်”လို့ ပြောပါတယ်။

ရွေးကောက်ပွဲနေ့ မဲရုံအချို့မှာ ဖြေရှင်းရတာတွေ ရှိပေမယ့် ကြီးကြီးမားမား ပြသနာတွေတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ကော်မရှင်တံဆိပ်တုံး ကိုင်ဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်တွေနဲ့ အယောင်ဆောင်မဲပေးသူတွေ ကိုတော့ ရပ်ကျေးကော်မရှင်တွေက တရားစွဲဆိုထားတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

“မဲရုံတိုင်းလိုလိုတော့ရှိတယ် ဖြေရှင်းလို့ရတဲ့ ကိစ္စတွေရှိတယ် အကုန်လုံးက ဖြေရှင်းဆောင်ရွက်လို့ရတာပါ ဘာဖြစ်လို့လဲဆိုရင် ဥပဒေကြောင်းအရ သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ အခန်း ၁၃ မှာပါတဲ့ ပြစ်မှုပြစ်ဒဏ်တွေကျရင်လဲ ရပ်ကျေးကော်မရှင်တွေက တရားစွဲပြီးတော့ ဆောင်ရွက်နေတာလဲရှိပါတယ်”လို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တွေအရ မွန်ပြည်နယ်မှာ NLD ပါတီက (၇၅) ရာခိုင်နှုန်း အနိုင်ရခဲ့ပြီး ကျန်တဲ့ (၂၅) ရာခိုင်နှုန်းကိုတော့ မွန်ညီညွတ်ရေးပါတီက အနိုင်ရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.