မော်လမြိုင် ၊ နိုဝင်ဘာ (၄)

မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်အတည်ပြုလူနာ (၅၈၀) ကျော် ဆေးရုံဆင်းသွားပြီး လက်ရှိမှာတော့ အတည်ပြုလူနာ (၈၀) ကျော်သာ ကျန်ရှိတော့ပါတယ်။

ဒုတိယအကြိမ် ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်စဉ်တွေမှာ မွန်ပြည်နယ်အတွင်း ကူးစက်ခံရသူ (၇၀၀) နီးပါး ရှိခဲ့​ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

အခုလို ကိုဗစ်အတည်ပြု လူနာတွေအပြင်  ထိတွေ့ခဲ့သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ရေရှည် ပြုလုပ်ပေးတဲ့အခါမှာ PPE ဝတ်စုံတွေ လိုအပ်နေတယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။

” ကျန်တဲ့ ကုသရေးပစ္စည်းတွေကတော့ ကာကွယ်ရေးပစ္စည်းတွေပေါ့နော်၊ PPE တို့ ဘာတို့ဆိုရင်၊ လူနာတွေ မဟုတ်ဘူးပေါ့၊ အမတို့ round လှည့်တဲ့နေရာမှာလဲ တချို့နေရာတွေမှာ လူနာတွေ မသေချာတဲ့အခါကျတော့ ဒါတွေက ကာကွယ်ရေးပစ္စည်းတွေနဲ့ လှည့်ရတာပေါ့၊ OPP မှာဆိုရင်လဲ ကာကွယ်ရေးပစ္စည်းတွေက တော်တော်လေးကို ကုန်နေတာပေါ့၊ ဆေးဝါးပိုင်းကကျတော့ ပြင်းထန်လူနာသိပ်မရှိတော့ အဆိုးရွားကြီး မဖြစ်ဘူးပေါ့လေ”လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး (စီမံ၊ ဘဏ္ဍာ) ဒေါက်တာ ဝတ်မှုံ က ပြောပါတယ်။

ဒါ့အပြင် Quarantine စခန်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ နေ့စဉ်ကျွေးမွေးရတဲ့ စရိတ်တွေနဲ့ အသုံးအဆောင်ပစ္စည်း လိုအပ်ချက်တွေလည်း ရှိနေပါတယ်။

လက်ရှိမှာတော့ ပိုးတွေ့လူနာတွေကို နေရာသုံးနေရာမှာ စောင့်ကြည့်ကုသပေးနေပြီး ကန့်သတ်မြို့နယ်နဲ့ ပြည်ပကနေပြန်လာတဲ့သူတွေကိုကျတော့ သီးသန့်နေရာခွဲထားစောင့်ကြည့်ပေးနေတယ်လို့ ဆိုပါတယ်။

ပိုးတွေ့လူနာတွေကိုတော့ ၁၄ ရက်ကြာစောင့်ကြည့်ပြီး ပိုး ရှိ/ မရှိကို ၂ ကြိမ်စစ်ဆေးပေးမည်ဖြစ်ကာ ၂ ကြိမ်လုံး ပိုးမတွေ့မှသာ  ဆေးရုံက ဆင်းခွင့်ပြုပြီး နေအိမ်မှာ Home Quarantine ၇ ရက် ထပ်မံနေရထိုင်မယ်လို့ ဆိုပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.