မော်လမြိုင် ၊ အောက်တိုဘာ (၃၀)

ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲလာပေးသူတွေကို ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတွေကို အပြည့်အဝထောက်ပံ့မယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။

ရွေးကောက်ပွဲနေ့အတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ကိုဗစ်ကာကွယ်ရေးဆိုရင် ဗဟိုကော်မတီမှလည်း ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

UEC က ပေးပို့လာတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းတွေကို မြို့နယ်တွေကို ဖြန့်ဝေထားပြီး မြို့နယ်ကနေတဆင့် ရပ်ကျေးကော်မရှင်တွေကို အချိန်မီ ဆက်လက်ဖြန့်ဝေထားတယ်လို့လဲ ကော်မရှင်က ပြောပါတယ်။

လက်ရှိမှာတော့ ဆန္ဒမဲလာပေးသူတွေကို mask hand gel နဲ့ face shield တွေကို ပေးဝေဖို့ လုံလုံလောက်လောက် ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။

“မဲရုံမှာ လုပ်တဲ့အပိုင်းက UEC က Covid-19 ကာကွယ်ပစ္စည်းတွေဖြစ်တဲ့ (hand gel, mask, face sheil) စသဖြင့် ထောက်ပံ့ပေးတဲ့အပိုင်းရှိတယ် နောက် Covid ဗဟိုကော်မတီက ထောက်ပံ့တာလဲရှိတယ် ဒါက ပြည်နယ်အစိုးရနဲ့ လဝက ဆောင်ရွက်နေတာဖြစ်တယ် ဒါလဲ သက်ဆိုင်ရာမြို့နယ်ကော်မရှင်နဲ့ ပေါင်းစပ်ပြီးတော့ မဲဆန္ဒရှင်ပြည်သူတွေကို ကာကွယ်နိုင်ဖို့အတွက် တော်တော်များများ လုံလုံလောက်လောက်ဆောင်ရွက်ပေးထားတာရှိပါတယ်”မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း မဲဆန္ဒရှင်တွေ လိုက်နာဆောင်ရွက်ရမယ့် ကိုဗစ်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

မဲလာပေးသူတွေအနေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရှိပါက ကြိုတင်အသိပေးရန်နဲ့ Mask တပ်ဆင်လာရန်၊ ၆ ပေခြား တန်းစီပြီး အပူချိန်တိုင်းခြင်း လက်ဆေးခြင်း ဆောင်ရွက်ရန် နဲ့မှတ်ပုံတင်ကို ပလပ်စတစ်အကြည်နဲ့ ထည့်ပြီး ပြသရန်တို့ ပါဝင်ပါတယ်။

ဒါ့အပြင် မှင်တို့ရာမှာ လက်ကို ခွက်နဲ့ မထိရန် အထူးသတိထားဆောင်ရွက်ဖို့နဲ့ မဲရုံအထွက်မှာလဲ လက်ဆေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေမှာ ပါရှိပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မွန်ပြည်နယ်အတွင်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၁၈ သိန်းကျော်ရှိပြီးတော့ မဲရုံ ၉၇၃ ရုံ ဖွင့်ဖို့ ကော်မရှင်က လျာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.