မော်လမြိုင် ၊ အောက်တိုဘာ (၃၀)

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ နည်းပါးတာကြောင့် တရားမမျှတမှု ဖြစ်မှာကို စိုးရိမ်နေ မွန်ပြည်နယ်မှာ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေ နည်းပါးတာကြောင့် တရားမမျှတမှုတွေ ဖြစ်မှာကို စောင့်ကြည့်သူတွေက စိုးရိမ်နေကြပါတယ်။

မွန်ပြည်နယ်အတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ပြည်နယ်အဆင့် ရွေးကောက်ပွဲစောင့်ကြည့်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့ မြို့နယ်အဆင့်စောင့်ကြည့်တဲ့အဖွဲ့သာ လျှောက်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာဆိုရင် မွန်ပြည်နယ်မှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့အဖွဲ့ ၁၁ ဖွဲ့ခန့်ရှိပြီး လူအင်အား ၄၀၀ ကျော်နဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်မှုလုပ်ခဲ့တယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က အချက်အလက်တွေအရ သိရပါတယ်။

အခုလို ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေ နည်းလာတဲ့အတွက် ရွေးကောက်ပွဲမှာဖြစ်တဲ့ ပဋိပက္ခတွေနဲ့ ပါတီအချင်းချင်းဖြစ်တဲ့ အငြင်းပွားမှုတွေ ကြီးမားလာနိုင်သလို ရွေးကောက်ပွဲကော်မရှင်ရဲ့ ဖြေရှင်းမှုတွေက တစ်ဖက်သက်ဆန်နိုင်တယ်လို့ စောင့်ကြည့်သူတွေက ပြောဆိုလိုက်ပါတယ်။

“စောင့်ကြည့်လေ့လာအဖွဲ့တွေ နည်းသွားတာနဲ့အမျှရွေးကောက်ပွဲအပေါ်မှာ သံသယတွေများလာမယ်၊ ပြီးတဲ့အခါမှာ စောင့်ကြည့်လေ့လာသူတွေ မရှိတဲ့အတွက်ကြောင့်မို့ ပါတီတွေအချင်းချင်းရဲ့ ပဋိပက္ခဖြစ်တာ၊ အောက်ခြေမှာ အငြင်းပွားမှု များတာတွေအတွက်က သက်သေခံလုပ်ပေးနိုင်မယ့် အဖွဲ့တွေက နည်းသွားလို့ရှိရင် ပဋိပက္ခတွေ ပိုပြီးကြီးမားလာတဲ့ဟာတွေ ဖြစ်လာနိုင်တယ်။နောက်ပြီး ဖြေရှင်းရတဲ့ ရွေးကောက်ပွဲကော်မရှင်အတွက် ပူးပေါင်းပါဝင်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ နည်းချင်းအားဖြင့် သူ့ရဲ့ဖြေရှင်းမှုက တစ်ဖက်သက်ဆန်တာတွေကို အထင်ခံရတာတွေ များလာနိုင်ပါတယ်။” လို့ မွန်ပြည်နယ်လူထုဆုံရပ်အဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဇော်ထွန်းက ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကန့်သတ်ချက်တွေကြောင့် စောင့်ကြည့်အဖွဲ့တွေ နည်းပါးတာ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။ ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေ ရှိမှသာ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတ ရှိ မရှိဆိုတာကို ထုတ်ပြောနိုင်တယ်လို့ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားသူတွေက ပြောပါတယ်။

“စောင့်ကြည့်အဖွဲ့တွေ မရှိလို့မရဘူး၊ စောင့်ကြည့်ရေးအဖွဲ့ကတော့ လိုအပ်တယ်၊ ဘာလို့လဲဆိုရင် ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်၍သော်လည်းကောင်း မဲရုံမှာ လက်ရှိလုပ်နေတဲ့တာဝန်ရှိသူတွေရဲ့ မသမာမှုကိုသော်လည်းကောင်း ပြည်သူတစ်ယောက်ချင်းစီရဲ့ မဲပေးနိုင်မှု အသိအမြင်တွေကို သုံးသပ်တယ် ဒီအဖွဲ့တွေရဲ့သုံးသပ်ချက်က နောင်ဆို UEC ကိုသွားမှာပဲ ဒါတွေက UEC သိအောင် ဒီအဖွဲ့တွေက ပြောတယ်” လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မွန်ပြည်နယ်ဥ့က္ကဋ္ဌက ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မွန်ပြည်နယ်အတွင်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၁၈ သိန်းကျော်ရှိပြီးတော့ မဲရုံ ၉၇၃ ရုံ ဖွင့်ဖို့ ကော်မရှင်က လျာထားပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.