မော်လမြိုင် ၊ အောက်တိုဘာ (၃၀)

အသက်(၆၀)နှင့်အထက် ကြိုတင်မဲပေးတာတွေမှာ မဲရုံကော်မရှင်အဖွဲ့ဝင်တွေက ဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်တာတွေကို တွေ့ရတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြောဆိုလိုက်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတာတွေကို အောက်တိုဘာလ(၂၉)ရက်နေ့တည်းက စတင် ဆောင်ရွက်နေပြီး ဖြစ်ပါတယ်။

ဒီလို ကြိုတင်မဲရာမှာ မဲပေးရမယ့် ပါတီကို မဲရုံအဖွဲ့ဝင်တွေက ပြောဆိုတာတွေနဲ့ အသိအမှတ်ပြု ကတ်ပြားချိတ်ဆွဲထားတာတွေမရှိဘဲ မဲရုံအတွင်း ဝင်ထွက်သွားလာတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မဲရုံပရဝုဏ်မှာ ပါတီဝန်းရံသူတွေက အင်္ကျီအနီရောင်ဝတ်ပြီး ရေသန့်ဘူးဝေတာတွေနဲ့ တီးတိုးပြောဆိုမှုတွေကို လုပ်ဆောင်နေတာကြောင့် မြို့နယ်ကော်မရှင်ထံ ကန့်ကွက်စာတင်သွင်းသွားမယ်လို့ ပြည်ခိုင်ဖြိုးပါတီ မုဒုံမြို့နယ် ဥက္ကဋ္ဌ ဦးရွှေသွေးမောင်က ပြောပါတယ်။

“ညောင်ကုန်းမဲရုံမှာ မဲရုံတာဝန်မှူးကျနေတဲ့ ထခွဲကျောင်းကဆရာမတစ်ဦးက မနက်မဲရုံဖွင့်ပြီးမဲစာရင်းထုတ်ပေးတဲ့အချိန်တွေမှာ အသက် ၆၀ ပြည့်မဲလာပေးတဲ့သူတွေကို လက်ညှိုးနဲ့ထောက်ပြပြီးတော့ မွန်လို ဒီနေရာမှာထည့်ပါလို့ပြောလို့ စောင့်ကြည့်သူတွေက ရပ်ကျေးကော်မရှင်ကို အရေးယူဆောင်ရွက်ဖို့အကြောင်းကြားထားတယ်၊ မြို့နယ်အဖွဲ့ကပြတ်ပြတ်သားသားပွင့်ပွင့်လင်းလင်းနဲ့ အရေးယူဆောင်ရွက်ပေးစေချင်ပါတယ်၊ ခုက တရားမဲ့ပြုကျင့်တဲ့သဘောပဲ ” လို့ ပြောပါတယ်။

မုဒုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကတော့ မဲရုံပရဝုဏ်အတွင်းမှာ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။

“မဲရုံပရဝုဏ်ထဲမှာ ပါတီတွေဘယ်သူ့ကိုမှပြောစရာမလိုဘူးလို့ပြောထားပြီးပြီ၊ မဲဆွယ်စည်းရုံးတာကိုယ်နဲ့မဆိုင်ဘူးပြောထားပြီးပြီ၊ ခုပဲ ကျွန်တော်တားမြစ် ထားပြီးပြီ၊ ကန့်ကွက်တိုင်ကြားစာတော့ ခုထိမရောက်သေးပါဘူး” လို့ မုဒုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးလှဝင်းက ပြောပါတယ်။

သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေအရ မဲရုံအတွင်းနဲ့ မဲရုံပြင်ပ ကိုက် ၅၀၀ အတွင်း မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ တားမြစ်ထားပြီး လုပ်ဆောင်ခဲ့မယ်ဆိုရင် တစ်နှစ်ထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ တစ်သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမယ်လို့ ပါရှိပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.