မော်လမြိုင် ၊ အောက်တိုဘာ (၂၉)
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်တွေ ကြိုတင်မဲစတင်ပေးလို့ရတဲ့ အောက်တိုဘာလ (၂၉)ရက်နေ့မှာ ဆန္ဒမဲလာပေးသူ အမြောက်အများ ရှိခဲ့ပါတယ်။
မွန်ပြည်နယ်တစ်ဝှမ်းမှာတော့ အသက် ၆၀နှင့်အထက် ကြိုတင်မဲပေးရမယ့် မဲဆန္ဒရှင် (၄)သိန်းကျော် ရှိပါတယ်။
Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေက မဲဆန္ဒရှင်တွေဆိုရင် နေအိမ်မှာပဲ ကြိုတင်မဲပေးရမှာဖြစ်ပြီး ကျန်မြို့နယ်က မဲဆန္ဒရှင်တွေကတော့ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကြိုတင်မဲပေးရမှာ ဖြစ်ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ ကြိုတင်မဲလာပေးသူ ရာနဲ့ချီ ရှိခဲ့တာကြောင့် သက်ကြီးပိုင်းတွေအနေနဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုရှိတာကို တွေ့ရတယ်လို့ ဇင်းကျိုက်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဌက ပြောပါတယ်။
“ဇင်းကျိုက်ရပ်ကွက်မှာဆိုရင် အသက် (၆၀)နှစ်အထက် မဲပေးတဲ့သူ (၉၀၀)ကျော်ရှိတယ်၊ ဒီနေ့လာမယ့်လူဦးရေက ကြည့်မယ်ဆိုလို့ရှိရင် လူဦးရေ(၄၀၀)နီးပါးလောက်လာတယ်၊ ခန့်မှန်းပြောရရင် သက်ကြီးပိုင်း (အသက်(၆၀)နှစ်အထက်) လူ(၁၀)ယောက်မှာဆိုရင် အနည်းဆုံး ၈ ယောက်၊ ၉ ယောက်လောက်လာထည့်နိုင်တဲ့ အနေအထားရှိတယ်။ သူတို့လည်း ဆန္ဒရှိကြတယ်ပေါ့လေ၊ အဲဒီအပိုင်းကို အားရတယ်ပေါ့နော်” ဇင်းကျိုက်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဘမင်းတင်က ပြောပါတယ်။
ကြိုတင်မဲပေးရာမှာတော့ လွှတ်တော်အလိုက် တစ်ကြိမ်စီ ပေးရတာဖြစ်လို့ တစ်ဦးကို (၁၀) မိနစ်ဝန်းကျင် ကြာမြင့်တယ်လို့ ဆိုပါတယ်။
ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ mask နဲ့ hand gel တွေကို ပြင်ဆင်ပေးထားတာကြောင့် ကြိုတင်မဲပေးရတာ အဆင်ပြေတယ်လို့ မဲဆန္ဒရှင်တစ်ဦးက ပြောပါတယ်။
“ အဆင်ပြေတယ်၊ နေရာတိုင်းပါပဲ၊ ဟိုမှာ လက်ဆေးတာတွေရှိတယ်၊ မက်စ်တွေ သူတို့ဆီမှာရှိတယ်၊ ပေးတယ်။ လူရှင်းနေတာပဲ အထဲမှာ ခုံထားထားပေးတယ်၊ တစ်တန်းစီနဲ့ တစ်ယောက်နဲ့တစ်ယောက်က ခန့်ဝေးဝေးပဲ”လို့ အသက်(၆၀)နှစ်အထက် ကြိုတင်ဆန္ဒမဲလာပေးသူ ဒေါ်သိန်းတင်က ပြောပါတယ်။
အသက်(၆၀)အထက် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးမယ့်ရက်တွေကိုတော့ အောက်တိုဘာလ (၂၉)ရက်နေ့ကနေ နိုဝင်ဘာလ (၅)ရက်နေ့အထိ သတ်မှတ်ထားပါတယ်။
မွန်ပြည်နယ်အတွင်းမှာတော့ မဲပေးပိုင်ခွင့်ရှိသူ (၁၈)သိန်း (၄)သောင်းကျော်ရှိပြီး အာ့ဒီအထဲမှာ အသက်(၆၀) အထက် မဲဆန္ဒရှင် (၄)သိန်းကျော် ပါဝင်ပါတယ်။
သတင်း – သံလွင်တိုင်းမ်