မော်လမြိုင် ၊ အောက်တိုဘာ (၂၈)
ရွေးကောက်ပွဲနေ့မှာ တာဝန်ထမ်းဆောင်ကြမယ့် မဲရုံမှူးတွေကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းတွေအပြင် ကျန်းမာရေးဆိုင်ရာ သင်တန်းတွေကိုပါ ပို့ချသွားမယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။
မွန်ပြည်နယ်အတွင်းမှာတော့ ၂၀၂၀ အထွေထွေရွေးကော်ပွဲအတွက် တာဝန်ထမ်းဆောင်ဖို့ ပညာရေးဝန်ထမ်း (၁၅၀၀၀)ကျော်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကို ကိုဗစ်ကူးစက်ရောဂါကာလအတွင်းမှာ ကျင်းပရမှာဖြစ်တဲ့အတွက် မဲရုံတွေမှာ တာဝန်ထမ်းဆောင်ကြမယ့် မဲရုံဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီး စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ သင်တန်းတွေ ပို့ချနေတာလို့ ဆိုပါတယ်။
“မဲရုံမှူးသင်တန်းတွေမှာ မဲရုံမှူးလက်စွဲတွေအပြင် ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးဆိုင်ရာသင်တန်းတွေကို ပို့ချပေးနေပါတယ်။ မဲရုံမှူးနဲ့အဖွဲ့ဝင်တွေက ဘယ်လိုအပူချိန်တိုင်းမလဲ ။ အပူချိန်တိုင်းလို့တွေ့ရင် ဘယ်လိုဆက်လုပ်မလဲဆိုတာတွေ ။ လက်အိတ်တွေ face shield တွေ ဘယ်လိုတပ်မလဲဆိုတာတွေပေါ့”လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။
မွန်ပြည်နယ်အတွင်းမှာတော့ မဲရုံ ၉၇၃ လျာထားပြီး မဲရုံတစ်ရုံမှာ မဲရုံမှူး ၁ ဦး၊ ဒုတိယမဲရုံမှူး ၁ ဦး၊ မဲစာရင်းစစ်ဆေးသူ ၃ ဦး၊ ဆန္ဒမဲလက်မှတ်ထုတ်ပေးသူ ၃ ဦး၊ မဲရုံလုံခြုံရေး ၁ ဦးနဲ့ လက်များကိုမှင်တို့ပေးတဲ့အဖွဲ့ဝင် ၁ ဦး စုစုပေါင်း မဲရုံဝန်ထမ်း ၁၀ ဦးသတ်မှတ်ထားပါတယ်။
မွန်ပြည်နယ်အတွင်းမှာတော့ မဲဆန္ဒရှင် (၁၈)သိန်းကျော်ရှိပြီး ပြည်နယ်တစ်ဝှမ်းမှာ မဲရုံ(၉၇၃) ရုံ ဖွင့်လှစ်ဖို့ ကော်မရှင်က လျာထားပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံတစ်ဝှမ်းမှာ မဲရုံ (၄)သောင်းကျော် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်