ပထမအကြိမ်မဲပေးမည့်လူငယ်များအား စနစ်တကျမဲပေးနည်း သင်တန်း ပို့ချနေ

မော်လမြိုင် ၊ အောက်တိုဘာ (၂၈)

ပထမအကြိမ် မဲပေးမယ့်လူငယ်တွေကို စနစ်တကျ မဲပေးတတ်အောင် မွန်လူငယ်အဖွဲ့က ဦးဆောင်ပြီးတော့ ရေးမြို့နယ်မှာ သင်တန်းတွေ ပို့ချပေးနေပါတယ်။

ရေးမြို့နယ်မှာတော့ မဲပေးပိုင်ခွင့်ရှိသူ (၂)သိန်းကျော်ရှိပြီး အခုမှ စတင်မဲပေးမယ့် လူငယ် (၃)သောင်းကျော် ပါဝင်ပါတယ်။

ပထမအကြိမ် မဲပေးမယ့် လူငယ်တွေကို ပယ်မဲ မဖြစ်အောင် စနစ်တကျ မဲပေးနည်းတွေ ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးတာတွေနဲ့ ကိုဗစ်ကာလ စည်းကမ်းချက်တွေနဲ့အညီ မဲပေနည်းတွေကို အဆိုပါ သင်တန်းမှာ ပို့ချပေးနေတယ်လို့ ဆိုပါတယ်။

သင်တန်းကိုတော့ အွန်လိုင်းကနေ သင်ကြာပေးနေသလို ပယ်မဲမဖြစ်​အောင် မဲထည့်နည်းတွေကိုလည်း လက်တွေ့သရုပ်ပြပြီး သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ပထမအကြိမ်မဲပေးမယ့်လူငယ်တွေကို အသိပညာပေးခြင်းပါ၊ ကိုဗစ်ကာလဖြစ်တော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီမဲပေးနိုင်ဖို့ တွဲပြီးသင်ပြပေးနေတယ်၊ လူငယ်တွေအနေနဲ့စိတ်ပါဝင်စားမှုရှိပေမယ့် မဲပေးလုပ်ငန်းစဉ်တွေကို နားလည်မှုနည်းပါးနေတယ်၊ နောက်ပိုင်းတော့ သိသင့်တာတွေကို မေးမြန်းလာကြတာတွေရှိလာပါတယ်”လို့ မွန်လူငယ်အဖွဲ့ခေါင်းဆောင်  မင်းစိုးသိန်းက ပြောပါတယ်။

ပထမအကြိမ်မဲပေးမည့်လူငယ်များအား စနစ်တကျမဲပေးနည်း သင်တန်း ပို့ချနေ

သင်တန်းပြီးသွားတဲ့ လူငယ်တွေကတော့ စနစ်တကျ မဲပေးနည်းတွေကို မိမိတို့ရပ်ရွာနဲ့ မိသားစုဝင်တွေကို ထပ်ဆင့် ပြန်လည်မျှဝေပေးသွားမယ်လို့ ဆိုပါတယ်။

“လူကြီးမိဘတွေကို ပြန်ပြီးပြောပြတယ်၊ မဲပေးရာမှာမှန်ကန်ဖို့နဲ့ လိုအပ်တာတွေယူသွားဖို့ အရင်တုန်းကမသိခဲ့ဘူး၊ ခုတက်ပြီးတော့ သိလာပါပြီ”လို့ ပထမဆုံးအကြိမ် မဲပေးမည့် မိပန်းဖြူလေးက ပြောပါတယ်။

ဒုတိယအကြိမ် မဲစာရင်းအရ မွန်ပြည်နယ်အတွင်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၈)သိန်း လေးသောင်းကျော် ရှိပြီး အခုမှ စတင်မဲပေးမယ့် လူငယ် (၁)သိန်းကျော် ရှိပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကိုတော့ နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၇)သန်းကျော်ရှိပြီး ပထမအကြိမ် မဲပေးမယ့် လူငယ်က (၅)သန်းကျော် ပါဝင်ပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.