မော်လမြိုင် ၊ အောက်တိုဘာ (၂၇)

အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်တွေဟာ အောက်တိုဘာလ (၂၉)ရက်နေ့မှာ ကြိုတင်မဲပေးရမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက ပြောပါတယ်။

Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေနဲ့ လူဦးရေ ထူထပ်တဲ့မြို့နယ်တွေမှာ နေထိုင်တဲ့ အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေဟာ နေအိမ်မှာပဲ ကြိုတင်မဲပေးရမှာ ဖြစ်ပါတယ်။

Stay at home မသတ်မှတ်ထားတဲ့ မြို့နယ်တွေနဲ့ လူဦးရေ မထူထပ်တဲ့မြို့နယ်တွေက အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေကတော့  မဲရုံမှာ သွားရောက် ကြိုတင်မဲပေးရမှာ ဖြစ်ပါတယ်။

တကယ်လို့ ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားဖို့ အခက်အခဲရှိမယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ကို သတင်းပို့ပြီး နေအိမ်မှာ ကြိုတင်မဲပေးနိုင်ဖို့ ရပ်ကျေးကော်မရှင်က စီစဥ်ဆောင်ရွက်‌ပေးမှာဖြစ်ပါတယ်။

အသက် ၆၀ နဲ့အထက်တွေ ကြိုတင်မဲပေးနိုင်ဖို့ နည်းဥပဒေပါအတိုင်း ဆောင်ရွက်ပေးမှာဖြစ်ပြီး ကိုဗစ်ကာကွယ်ရေးဆိုင်ရာ ညွန်ကြားချက်တွေနဲ့အညီ လုပ်ဆောင်နေတယ်လို့ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေက ပြောပါတယ်။

“ အသက်(၆၀)အထက်တွေကို အိမ်တိုင်ရာရောက် သွားပါမယ်။ အဖွဲ့ဝင်(၂)ဦးနဲ့ မဲရုံမှူးတွေ ပါမယ်။ ပါတီဘက်က လူတွေပါမယ်။ ရေးတတ်ဖတ်တတ်တဲ့သူဆိုရင် သူ့ဘာသာ မဲပေးမယ် မရေးတတ် မဖတ်တတ်ဘူးဆိုရင် ကော်မရှင်အဖွဲ့ဝင်တွေက ကူပေးမယ်။ စာအိတ်တစ်အိတ်မှာ မဲတစ်ခုထည့်မယ် စုစုပေါင်း စာအိတ်(၄)ခု ရှိပါမယ်”လို့ မော်လမြိုင်မြို့ မုပွန်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးစောလွင်က ပြောပါတယ်။

မဲရုံတွေမှာ ကြိုတင်မဲလာပေးမယ့် အသက်(၆၀)အထက် မဲဆန္ဒရှင်တွေအတွက်လဲ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ  ဆောင်ရွက်ထားတယ်လို့ မဲရုံမှူးတွေက ပြောပါတယ်။

“မှင်တို့တဲ့အခါ ကိုဗစ်မကူးအောင် တစ်ရှုးကို သုံးဖို့ စီစဉ်ထားပါတယ်။ တံဆိပ်တုံးကိုလည်း တစ်ရှုးနဲ့ အုပ်ကိုင်ပြီးတော့ စီစဉ်ထားပါတယ်။ ပြီးရင် အမှိုက်ပုံးထဲ ပစ်မယ်ပေါ့။ မဲဆန္ဒရှင်တွေ လာတဲ့အခါ မဲရုံမှာ လုပ်ထားတဲ့အတိုင်း စနစ်တကျ တန်းစီပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ မဲရုံမှူး ဒေါသန်းသန်းစိုးက ပြောပါတယ်။

အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးနိုင်မယ့် ရက်ကတော့ အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ မွန်ပြည်နယ်အတွင်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၈)သိန်း လေးသောင်းကျော် ရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.