ရေးမြို့နယ် ရွာသစ် ဓမင်းဆိပ်ကျေးရွာက ဘဲခြံ

မော်လမြိုင် ၊ အောက်တိုဘာ (၂၇)

ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ မွေးမြူရေးစျေးကွက်တွေ ပျက်စီးနေတာကြောင့် လုပ်ငန်းရှင်တွေမှာ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။

ရေးမြို့နယ်အတွင်းက ငါးမွေးမြူရေး ၊ ဘဲမွေးမြူရေးနဲ့ ကျောက်ပုဇွန် မွေးမြူရေးလုပ်ငန်းတွေဟာ ပြင်ပစျေးကွက်ပျောက်ဆုံးပြီး ဒေသတွင်းမှာ ထက်ဝက်စျေးနဲ့သာ ရောင်းချနေရပါတယ်။

အရင်က မွေးမြူရေး ကကတစ်ငါး တစ်ပိဿာကို  ကျပ် ၈၀၀၀ ခန့်ရရှိခဲ့ပေမယ့် အခုတော့ ၄၀၀၀ ခန့်သာ ရရှိတော့တာပါ။

ဒါ့အပြင် ကျောက်ပုဇွန်မွေးမြူရေးလုပ်ငန်းမှာလည်း  ပြည်ပဈေးကွက်မရှိတော့တာကြောင့် ယခင်ပေါက်ဈေး တစ်ပိဿာ ၃၈၀၀၀ ခန့်ရှိရာက ယခု ၂၀၀၀၀ ခန့်သာရရှိတော့လို့ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။

အခုလို စျေးကွက်ပျက်ပြီး ဒေသပေါက်စျေးနဲ့သာ ရောင်းချနေရတာကြောင့် အရှုံးပေါ်နေတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

“ငါးဆိုရင် ဒီနှစ်ဒီချိန်ဆို မော်လမြိုင်ပို့မယ်ဆိုရင် တစ်ပိဿာ ၈၀၀၀ ရတယ်၊ ခုဆို ၄၀၀၀ လောက်ပဲပေါက်တယ်၊ အခက်အခဲက အားလုံးရောင်းလို့မရဘူး၊ အရှုံးပေါ်မယ်၊ ကန်ပြုပြင်စရိတ်၊ အလုပ်သမားစရိတ်လောက်ပဲထုတ်ရောင်းနေရတယ်၊ ဘဲဥဆိုရင်လဲ အစာဈေးကမြင့်သွားတယ်၊ အစာကျွေးရနှုန်းက အရင်ကထက် ထက်ဝက်လောက်ရှိနေပြီးတော့ ဘဲဥ ဥနှုန်းမကောင်းတဲ့ခြံတွေဆို ဥသလောက်အစာမကျွေးနိုင်ဘဲ အရှုံးနဲ့ရပ်တည်နေရတာ ၆ လ လောက်ရှိပြီ ” လို့ အံဒင်ကျေးရွာနေ မွေးမြူရေးငါး၊ ကျောက်ပုဇွန်နဲ့ ဘဲဥလုပ်ငန်းလုပ်ကိုင် ဦးမင်းဇော်က ပြောပါတယ်။

ဘဲမွေးမြူရေးလုပ်ငန်းတွေမှာလည်း ဘဲဥစျေးကျဆင်းနေတဲ့အတွက် လတိုင်း အရှုံးပေါ်နေတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“ဘဲခြံမှာတစ်နေ့ကျွေးမွေးစရိတ်နဲ့ ရတာနဲ့က တစ်နေ့ကို သုံးသောင်းလောက်ရှုံးနေတာ တစ်လလောက်ရှိပြီ စိုက်နေရတယ်၊ အရင်က ဘဲဥဈေး ၁၃၀ လောက်ရှိတယ်၊ ခုက ၁၀၅ ကျပ်ပဲရတယ်၊ တောင့်ပြီးခံထားရတယ် ” လို့ ဆိုပါတယ်”လို့ ကဗျာဝကျေးရွာနေ မွေးမြူရေးလုပ်ငန်းရှင် ဦးမြတ်စိုးအောင်က ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် လုပ်ငန်းရှင်တွေ ချေးငွေရရှိဖို့ မွေးကုဌာနကို အကူအညီ တောင်းထားပေမယ့် ထူးခြားမှု မရှိဘူးလို့ ဆိုပါတယ်။

မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနကတော့ အခက်အခဲဖြစ်ပေါ်နေတဲ့လုပ်ငန်းရှင်တွေအနေနဲ့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြောင်းထောက်ခံချက်တွေ၊ ရပ်ကွက်ထောက်ခံချက်တွေနဲ့အတူ ချေးငွေလျှောက်ထားနိုင်မှာဖြစ်ပေမယ့် ချေးငွေရရှိဖို့ သီးခြားညွှန်ကြားချက်မရှိသေးဘူးလို့ ဆိုပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.