ရေး ၊ စက်တင်ဘာ (၃၀)

သဘာဝပတ်ဝန်းကျင်အရေးနဲ့ပတ်သက်ပြီး ဒေသခံတွေဘက်မှ ရပ်တည်ပေးမယ့် ကိုယ်စားလောင်းကိုသာ အလိုရှိတယ်လို့ အံဒင်လူငယ်အဖွဲ့က ပြောဆိုလိုက်ပါတယ်။

ရေးမြို့နယ် အနောက်မြောက်ပိုင်းက အံဒင်ကျေးရွာအပါအဝင် ရွာ ၇ ရွာနဲ့ဖွဲ့စည်းထားတဲ့ ဖာလိန်ဒေသအတွင်းမှာ ၂၀၁၃ ခုနှစ်ကစလို့ သဘာဝဝန်းကျင်ထိခိုက်မှုတွေအပါအဝင် ဒေသရဲ့အဓိကလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေပျက်စီးစေနိုင်တဲ့ စီမံကိန်းတွေ ၊ ကျောက်ထုတ်လုပ်ငန်းတွေ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းနဲ့ ရေနက်ဆိပ်ကမ်းတွေလုပ်ဖို့ အစိုးရအဆက်ဆက်က စီစဉ်ခဲ့တာပါ။

ဒေသခံတွေအနေနဲ့ စီမံကိန်းအားလုံးကို ကန့်ကွက်နေတာမဟုတ်ဘဲ သယံဇာတကြွယ်ဝတဲ့ ဖာလိန်ဒေသက ကုန်ကြမ်းတွေကို ကုန်ချောအဖြစ်ထုတ်နိုင်တဲ့စက်ရုံအလုပ်ရုံတွေ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်တဲ့ စီမံကိန်းတွေကိုတော့ ကြိုဆိုတယ်လို့ အံဒင်လူငယ်အဖွဲ့က ဆိုပါတယ်။

ဒါကြောင့် သဘာဝပတ်ဝန်းကျင်အရေးမှာ  ဒေသခံတွေရဲ့ အသံတွေကို နားထောင်ပြီး မူဝါဒတွေနဲ့ အရေးတယူဆောင်ရွက်ပေးမယ့် အစိုးရတစ်ရပ်ဖြစ်အောင် ဆောင်ရွက်ပေးဖို့ အံဒင်လူငယ်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

“လာမယ့်အစိုးရကို အကြုံပြုတာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး သုတေသန အခြေပြုမူဝါဒတွေကို သေချာလုပ်စေချင်တယ်။ဒေသခံတွေရဲ့ အသံတွေကိုလည်း အသိအမှတ်ပြုစေချင်တယ်။ ဒေသခံတွေဘက်မှာ အပြည့်အဝရပ်တည်ပေးဖို့ အကြံပြုချင်တယ်”လို့ အံဒင်လူငယ်အဖွဲ့မှ နိုင်ဖိုးဇော်က ပြောပါတယ်။

အံဒင်လူငယ်အဖွဲ့အနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဒီရေတောပြန်လည်ထူထောင်ရေးကိစ္စတွေအပါအဝင် ရေနက်ဆိပ်ကမ်းနဲ့ပတ်သက်ပြီးတော့ သုတေသနစစ်တမ်းတစ်ခုလုပ်နေပြီ ရွေးကောက်ပွဲအပြီးမှာ အစီရင်ခံစာ ထုတ်သွားမယ်လို့ ဆိုပါတယ်။

ဖာလိန်ဒေသမှာ အရွေးချယ်ခံကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ သဘာဝပတ်၀န်းကျင်ဆိုင်ရာ ပြဿနာတစ်စုံတခုဖြစ်ပေါ်လာပါက ပြည်သူတွေနဲ့အတူရပ်တည်ဖို့ တိကျတဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေကို ကြိုတင်စီမံချက်ရေးဆွဲထားစေလိုတယ်လို့ အံဒင်လူငယ်အဖွဲ့က မိနီမာဦးက တိုက်တွန်းပါတယ်။

“ရွေးကောက်ခံမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေကို တိတိကျကျ ရေးဆွဲထားစေချင်တယ်။ ဒါမှသာ တစ်စုံတစ်ခုဖြစ်လာရင် ပြည်သူတွေဘက်က တိကျခိုင်မှတဲ့ မူဝဒါတွေနဲ့ ရပ်တည်ပေးနိုင်မှာ”လို့ ဆိုပါတယ်။

အံဒင်လူငယ်အဖွဲ့က ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဒေသတွင်းကောက်ခံခဲ့တဲ့ သုတေသနအစီရင်ခံစာအရ  ဥယျာဉ်ခြံလုပ်ငန်း၊ ရေလုပ်ငန်းနဲ့ လယ်လုပ်ငန်းမှ ရရှိတဲ့ ဖာလိန်ဒေသရဲ့ တစ်နှစ်တာ ဝင်ငွေဟာ ကျပ်သန်းပေါင်း ခုနစ်ထောင်ကျော် ရှိတယ်လို့ ဆိုပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.