မော်လမြိုင် ၊ စက်တင်ဘာ (၂၉)
ပါတီဝန်းရံသူတွေက လူစုလူဝေးနဲ့ အင်အားပြလှည့်လည်သွားလာနေတဲ့အပေါ် ပါတီခေါင်းဆောင်တွေက ထိန်းသိမ်းပေးဖို့ မဲဆန္ဒရှင် ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။
NLD နဲ့ မွန်ညီညွတ်ရေးပါတီ အပါအဝင် ပါတီကြီးအချို့ရဲ့ ဝန်းရံသူတွေက အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူတာတွေအပြင် ဝန်းရံသူ ရာနဲ့ချီပြီး မြို့နယ်အတွင်း လှည့်လည်တာတွေ ပြုလုပ်ခဲ့တာပါ။
လက်ရှိမှာ ကိုဗစ်-၁၉ ကူစက်မှုနှုန်း မြင့်တက်နေတာကြောင့် အခုလို ဝန်းရံသူတွေကို ပါတီခေါင်းဆောင်တွေက ကြီးကြပ်ပေးဖို့ ရေးမြို့နယ် ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ကူညီထောက်ပံ့ရေးအရပ်ဘက်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
“အခုချိန်မှာ လူစုလူဝေးတွေနဲ့ လှည့်လည်နေတာတွေက ဘယ်လိုပဲဖြစ်ဖြစ် မလုပ်သင့်တဲ့အနေအထားပါ။ ပါတီခေါင်းဆောင်တွေကလည်း ဝန်းရံသူတွေကို မေတ္တာရပ်ခံပေးဖို့ ။ တို့ပါတီကို မဲပေးတာပဲ တို့ပြောမနိုင်ဘူးဆို မရဘူး”လို့ ရေးမြို့နယ် ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ ကူညီထောက်ပံ့ရေးအရပ်ဘက်အဖွဲ့က ကိုအောင်ကိုကိုဦးက ပြောပါတယ်။
ဒါ့အပြင် ဝန်းရံသူတွေနဲ့ ပါတီခေါင်းဆောင်တွေကလည်း လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး မဲဆွယ်စည်းရုံးရေးကို ဆောင်ရွက်ဖို့ လိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ လက်ရှိအာဏာရပါတီရော အာဏာမရတဲ့ပါတီတွေကရော တအုန်းအုန်းတရုန်းရုန်း လုပ်နေတာကိုတော့ အရမ်းစိုးရိမ်မိတယ်။ ပါတီတာဝန်ရှိသူတွေလည်း ချင့်ချင့်ချိန်ချိန်နဲ့ လုပ်ကြပါလို့ ကျွန်တော်ပြောချင်တယ်။ အစိုးရကထုတ်ထားတဲ့ ဥပဒေတွေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တောင်းဆိုချင်တယ်” လို့ ရေးမြို့နယ် ဒေသခံ ဦးဇော်ထွေးက ပြောပါတယ်။
မြို့ပေါ်မှာ မဟုတ်ဘဲ NLD အင်အားကောင်းတဲ့ ကျေးရွာတွေက ဝန်းရံသူတွေ လှည့်လည်နေတာဖြစ်လို့ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ တိုက်တွန်းသွားမယ်လို့ ရေးမြို့နယ် NLD ဥက္ကဋ္ဌ ဦးကျော်မိုးအေးက ပြောပါတယ်။
“ လူအင်အားပြချင်တယ်ဆိုလည်း သုံးဆယ်မကျော်တဲ့ အဖွဲ့တွေနဲ့ သွားချင်သွားကြပေါ့။ သူတို့ရဲ့ ဝန်းရံထောက်ခံမှုကို ပိတ်ပင်ဖို့ မဖြစ်နိုင်ဘူး ။ စီတန်းလှည့်လည်တာတွေကို မလုပ်စေချင်ဘူး။ မလုပ်အောင်လည်း ရပ်ကျေးတွေကို အဓိကထားပြီး ပြောသွားပါမယ်”လို့ ပြောပါတယ်။
အခုလို ဝန်းရံသူတွေကြောင့် လူစုလူဝေးဖြစ်ပေါ်နေတဲ့အတွက် ပါတီဆိုင်ဘုတ်ထောင်တဲ့ လုပ်ငန်းတွေပြီးရင် မြေပြင်မဲဆွယ်စည်းရုံးရေးကို ယာယီရပ်နားသွားမယ်လို့ မွန်ညီညွတ်ရေးပါတီက ပြောဆိုထားပါတယ်။
နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရာမှာ မော်တော်ယာဉ်တစ်စီးမှာ တင်ဆောင်နိုင်တဲ့ လူဦးရေပမာဏရဲ့ ထက်ဝက်ခန့်ကိုသာ တင်ဆောင်ဖို့၊ နှာခေါင်းစည်းနဲ့ မျက်နှာအကာတပ်ဆင်ဖို့အပြင် တစ်ဦးနဲ့ တစ်ဦး ၆ ပေခွာဖို့နဲ့ လူ ၅၀ ထက် ပိုမစုဝေးဖို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
သတင်း – ဝင်းနိုင်သက်