ရေး ၊ ဩဂုတ် (၂၂)

မဲစာရင်းမှာ မဲဆန္ဒရှင်တွေ မကျန်ခဲ့စေဖို့အတွက် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ပြီး ဩဂုတ်လ ၁၇ ရက်နေ့ကစလို့ တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်နဲ့ ကွင်းဆင်းစစ်ဆေးနေကြပါတယ်။

ရပ်ကွက်နဲ့ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့ကနေ ခုလ ၁၄ ရက်နေ့အထိ ၂၁ ရက်ကြာ မဲဆန္ဒရှင်စာရင်းတွေကပ်ထားခဲ့ပေမယ့် ရေးမြို့နယ်မှာ လာရောက်ကြည်ရှုသူနည်းပါးခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မဲစာရင်းပြီးပြည့်စုံစေဖို့အတွက် အခုလို အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးနေတာလို့ ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ပြောပါတယ်။

” ရည်ရွယ်ချက်အနေနဲ့ကတော့ မဲစာရင်းမှာ ကျန်နေတဲ့သူတွေကို ထပ်မံထည့်သွင်းနိုင်ရေးပေါ့၊ ပုံစံနဲ့တော့လျှောက်မရသေးဘူး၊ ဒုတိယအကြိမ်မှာ အဲ့လူတွေကိုထည့်သွင်းကြေငြာမယ်၊ တွေ့ရှိချက်အပေါ်ဆောင်ရွက်မှာက တွေ့တဲ့သူကို ၁ (က) နဲ့မှတ်လာပြီးတော့ မဲစာရင်းမှာထပ်တိုးမယ်၊ ကျန်နေတဲ့သူတွေပါကောက်တော့ ရွှေ့ပြောင်းတွေပါ ပါလာမှာပဲ၊ မဲစာရင်းမှာ ထည့်လို့ရ မရ လဝကနဲ့ညှိပြီးဆောင်ရွက်မယ်၊နောက်တစ်ခုက မှတ်ပုံတင်မရှိလို့ အဲဒီအတွက် ထောက်ခံချက်နဲ့မဲပေးဖို့အစီအစဉ်တွေလုပ်နေတယ်၊ ထောက်ခံချက်လုပ်မယ့် ပုံစံကို ရှေ့နေချုပ်ရုံးကိုတင်နေတယ်လို့သိရတယ်၊ ဒီပုံစံနဲ့လုပ်ပါလို့တော့မပြောထားသေးဘူး ” ဦးကံဝင်းက ဆိုပါတယ်။

မဲဆန္ဒရှင်တွေ မကျန်ရှိစေရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်းစနစ်နဲ့ ကွင်းဆင်းစစ်ဆေးနေစဉ်

အဲဒီအဖွဲ့မှာ ဌာနဆိုင်ရာအကြီးအကဲတွေဦးဆောင်ပြီးတော့ ဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးတွေပါဝင်ကြပြီး မဲဆန္ဒရှင်စာရင်းတွေကိုယူဆောင်ကာ တိုက်ဆိုင်စစ်ဆေးပေးပြီးတော့ ရလာတဲ့စာရင်းတွေကို ကော်မရှင်မှာ ပြန်တင်ပေးမယ်လို့ ဆိုပါတယ်။

ကျန်ခဲ့တဲ့ လူစာရင်းကို အောက်တိုဘာလအတွင်း ကြေညာမယ့် ဒုတိယအကြိမ်မဲစာရင်းမှာ ထပ်တိုးထည့်ပေးမှာ ဖြစ်ပြီး အဲ့ဒီအခါကျမှ စာရင်းကိုကြည့်ပြီးတော့ ပုံစံ(၃) ၊ ပုံစံ(၄) ၊ (၄) (ခ) (ဂ)ပြန်လျှောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

” မဲစာရင်းပါအောင် တာဝန်ရှိသူတွေက လုပ်ပေးနေပြီ၊ မဲထည့်ဖို့ပဲကျန်တော့တယ်၊ မဲထည့်ဖို့ မဲရဲ့တန်ဖိုးသိနားလည်ဖို့လည်း လိုအပ်တာမို့ ပါတီတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ဒီတာဝန်ကို ယူစေချင်တယ် ” လို့ အံဒင်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးချမ်းကပြောပါတယ်။

ခုလ ၁၇ ရက်နေ့ကစလို့ တစ်ပတ်ကြာဆောင်ရွက်မယ့် အဲဒီအစီအစဉ်မှာ မဲစာရင်းကျန်ခြင်းအပါအဝင် မပါဝင်သင့်သူများပါဝင်နေခြင်း၊ အချက်အလက်မှားယွင်းခြင်းတို့အတွက်ပါ စာရင်းကောက်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရေးမြို့နယ်အရှေ့ပိုင်း မွန်ပြည်သစ်ထိန်းချုပ်နယ်မြေမှာ နေထိုင်တဲ့ ပြည်သူတွေ မဲစာရင်းလာကြည့်မှု နည်းပါးတာကြောင့် ရွေးကောက်ပွဲ အသိပညာပေးမှုတွေလုပ်ဖို့ လိုအပ်နေတယ်လို့ ဒေသခံအဖွဲ့အစည်းတွေကလည်း ပြောဆိုထားပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.