ရေး ၊ ဩဂုတ် (၂၁)
ရေးမြို့နယ်အရှေ့ပိုင်း မွန်ပြည်သစ်ထိန်းချုပ်နယ်မြေမှာ နေထိုင်တဲ့ ပြည်သူတွေကို ရွေးကောက်ပွဲ အသိပညာပေးမှုတွေလုပ်ဖို့ လိုအပ်နေတယ်လို့ ဒေသခံအဖွဲ့အစည်းတွေက ပြောပါတယ်။
မွန်ပြည်သစ်ထိန်းချုပ်ဒေသဝန်းကျင် ကျောင်းရွာကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း ၂၀ ရွာက လူဦးရေတစ်သောင်းကျော် မဲထည့်ဖိုအတွက် မဲရုံ ၆ ရုံဖွင့်လှစ်ပေးသွားဖို့ရှိနေပြီး ဒေသခံတွေအတွက်မဲထည့်ဖို့အတွက် အသိပညာပေးမှုတွေလုပ်ဖို့လိုအပ်နေကြောင်း ဒေသခံအဖွဲ့အစည်းတွေက ဆိုပါတယ်။
” အရင်ရွေးကောက်ပွဲတုန်းက လူထက်ဝက်ကျော်လောက်ပဲ မဲလာထည့်ကြတယ်၊ အချို့ရွာတွေဆို အိမ်မှာ လူလေးယောက်လောက်ရှိပေမယ့် တစ်အိမ်တစ်ယောက်နှုန်းနဲ့လာထည့်တာရှိတယ်၊ ခုရွေးကောက်ပွဲလည်း လမ်းပန်းဆက်သွယ်ရေးအရရောရွေးကောက်ပွဲ အသိပညာနည်းမှုတွေ ကြောင့်ရော လာပေးမယ့်သူထက်ဝက်လောက်ပဲမှန်းတယ်၊ မဲရုံနဲ့အဝေးဆုံးရွာဆို ရေတစ်တန်ကုန်းတစ်တန်၊ သက်ကြီးရွယ်အိုတွေကလည်းများတော့ မဲထည့်ဖို့ အသိပညာပေးမှုနဲ့ လက်တွေ့သရုပ်ပြမှုတွေအပါအဝင် သွားလာရေးအတွက်ပါလိုအပ်နေတယ်၊ ဘယ်လိုထည့်ရမယ်ဆိုတာနဲ့ မဲတစ်မဲရဲ့တန်ဖိုးကိုသိဖို့လည်းလိုအပ်နေတယ်၊ ကူညီမယ့်အရပ်ဘက်တွေရှိရင် ပူးပေါင်းပေးမယ် ” လို့ ရေးမြို့နယ်အရပ်ဘက်အဖွဲ့အစည်းမှ ကျောင်းရွာကျေးရွာအုပ်စု၊ မင်းလှကျေးရွာနေ ဦးကျော်မျိုးထူးက ပြောပါတယ်။
တပ်ရင်း ၂ ရင်းလည်း အခြေစိုက်တဲ့ အဲဒီကျေးရွာအုပ်စုအတွင်း ယခင်ရွေးကောက်ပွဲတုန်းက တပ်မတော်သားတွေအတွက် ပြင်ပတွင်မဲရုံထားရှိကာ သီးသန့်မဲထည့်ရပေမယ့် ခုရွေးကောက်ပွဲတွင်တော့ ဒေသခံတွေနဲ့အတူ မဲထည့်ရမှာဖြစ်ကြောင်း ကျောင်းရွာကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲကပြောပါတယ်။
” ခုနှစ်တော့ တပ်ရောပြည်သူရော မဲရုံ ၆ ရုံအတွင်းမှာ မဲထည့်ရမယ်၊ ကျွန်တော်တို့အုပ်စုမှာတော့ တစ်ရွာလုံးမဲစာရင်းမပါလို့ အရေးလာဆိုတာတော့မရှိဘူး၊ မဲစာရင်းလိုအပ်ချက်တွေရှိနေလို့ လာပြင်တဲ့သူတော့ ၅၀၀ နီးပါးလောက်ရှိပါတယ် ” လို့ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးစိုးအောင်က ပြောပါတယ်။
မွန်ပြည်သစ်ပါတီအနေနဲ့ ထိန်းချုပ်ဒေသအတွင်း ပါတီတွေကို လွတ်လပ်စွာစည်းရုံးခွင့်နဲ့ ပြည်သူတွေကို လွတ်လပ်စွာမဲပေးခွင့်ပေးမယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ထိန်းချုပ်ဒေသက မှတ်ပုံတင်မရရှိသေးတဲ့သူ ၂၀၀၀ ကျော်လောက်ကိုမှတ်ပုံတင်ဆောင်ရွက်ပေးဖို့ အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း – ရဲနိုင်