ပရဟိတအဖွဲ့များမှ ခြင်ဆေးဖြန်းနေစဉ်

မော်လမြိုင် ၊ ဩဂုတ် (၁၃)

ဩဂုတ်လ (၁၃)ရက်နေ့အထိ မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၈၇၀) ကျော်ရှိပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အခြေအနေမှာ မော်လမြိုင်မြို့နယ်နဲ့ပေါင်မြို့နယ်တို့မှာ အများဆုံးဖြစ်ပြီး သေဆုံးသူထဲက ကလေး(၂) ဦးဟာ ပေါင်မြို့နယ်ကဖြစ်ပြီး ကျန်တစ်ဦးကတော့ ကျိုက်မရောမြို့နယ်က ဖြစ်ပါတယ်။

 “မွန်ပြည်နယ်က နှစ်တိုင်းတော့ ဖြစ်တယ် အဓိကတော့ ရေသိုလှောင်မှုပေါ့ ခြင်တွေပေါက်တဲ့နေရာများလာတယ် လူတွေကလည်း စနစ်တကျရေသိုလှောင်မှုမရှိဘူး တစ်ပတ်တစ်ခါ ဖုံး၊ သွန်၊ လဲ၊ စစ်ဆိုတာလည်း မလုပ်ကြဘူး တချို့အိမ်တွေ လူမရှိဘူး နောက် စနစ်တကျ ရေသိုလှောင်မှုမရှိသလို ပတ်ဝန်းကျင်က အမှိုက်တွေ စနစ်တကျ သိမ်းဆည်းမှုမရှိဘူး အထူးသဖြင့် ရွာတွေဘက်မှာ အားနည်းတယ် စွန့်ပစ်အမှိုက်တွေ ကြွတ်ကြွတ်အိတ်တွေက အစ အိုးခြမ်းကွဲတွေ အဲဒီမှာ ရေတင်ပြီးတော့ ခြင်ပေါက်ပွားမှုများလာတာကြောင့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု များလာတာပေါ့” ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင်က ပြောသည်။

ယခုနှစ် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအခြေအနေဟာ လွန်ခဲ့တဲ့ ၂၀၁၉၊ ၂၀၁၈၊ ၂၀၁၇ ခုနှစ်နဲ့ ကာလတူ နှိုင်းယှဉ်ကြည့်ရင်တော့ ဖြစ်ပွားမှုနှုန်း နည်းတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေးဝန်ထမ်းတွေ၊ကြက်ခြေနီဝန်ထမ်းတွေနဲ့ ၊ပရဟိတအဖွဲ့တွေဟာ ကျေးရွာ ရပ်ကွက်တွေမှာ တစ်ပတ်မှာ တစ်ကြိမ်၊နှစ်ကြိမ် ပညာပေးနှိုးဆော်သလို ပိုးလောက်လန်း မဖြစ်ပွားစေရေးအတွက် အဘိတ်(Abate) ဆေးခတ်တာတွေ၊ဆေးဖျန်းတာတွေနဲ့ ဖုံး သွန် လဲ စစ် တွေကို ပုံမှန်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဩဂုတ်လ (၃)ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံတစ်ဝှမ်းမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၄၁၂၁) ဦးရှိပြီး သေဆုံးသူ (၃၂) ဦး ရှိပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာတော့ မွန်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များဆုံး ပြည်နယ်စာရင်းမှာ ပါဝင်ခဲ့ပြီး ဖြစ်ပွားသူ (၁၁၆၂) ဦးနှင့် ကလေးငယ် ​လေးဦး သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.