ရေး ၊ ဇူလိုင် ၂၅

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် ရေးမြို့နယ် ဒေသခံတွေက ကန့်ကွက်လိုက်ပါတယ်။

ဇူလိုင်လ (၂၃) ရက်နေ့မှာ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရေးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာအတွက် ဦးစားပေးစာရင်းမှာ မပါသူကို ရွေးချယ်ထားတာကြောင့် ဒေသခံတွေနဲ့ ရပ်ကျေးပါတီဝင်တွေက ကန့်ကွက်ခဲ့ကြပါတယ်။

ရေးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ခဲ့ရာမှာ ဦးစားပေး(၁)အဖြစ် ဦးကျော်မိုးအေးနဲ့ ဦးစားပေး(၂)အဖြစ် ဦးမင်းထူးတို့ကို ရွေးချယ်တင်ပြပေးခဲ့ပေမယ့် ဦးစားပေးစာရင်းမှာ မပါတဲ့ လက်ရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင် ပါဝင်လာမှုအပေါ်ပြန်လည်စိစစ်ပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြတာပါ။

“လုံးဝရွေးချယ်ထားခြင်းမရှိသူတစ်ယောက် အဆုံးသတ်ရလဒ်မှာ ပါဝင်လာတာ လုံးဝကန့်ကွက်ပါတယ်၊ အမြန်ဆုံးပြန်လည် စိစစ်ပေးကြပါ၊ ထိုက်တန်သူ၊ ဖြစ်သင့်သူ၊ အားလုံးကရွေးချယ်ထားတဲ့သူ၊ ပြည်သူက လက်ခံသူအတွက် သူ့နေရာ သူ ရှိစေချင်ပါတယ်၊ မှန်ကန်အောင် အမြန်ဆုံး ပြန်လည်ပြင်ဆင်ပေးစေလိုပါတယ်” လို့ ရေးမြို့နယ် NLD လူငယ်ရေးရာတာဝန်ခံ ကိုအောင်ဖြိုးခိုင်က ‌ပြောပါတယ်။

အခုလက်ရှိရွေးချယ်ထားသူကိုပဲ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုပါက ပြည်သူတွေအနေနဲ့ မဲပေးမှာ မဟုတ်တဲ့အတွက် ရလဒ်ကောင်းမှာ မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ကျွန်တော့်အနေနဲ့ မည်သည့်ပါတီဝင်မှတော့မဟုတ်ပါဘူး၊ လက်ရှိထွက်ပေါ်ထားတဲ့ရလဒ်အတိုင်းသာ ရှိခဲ့မယ်ဆိုရင် သေချာတာကတော့ ကျနော့်အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ရေးမြို့နယ် ပြည်နယ် (၂) အတွက် NLD ကို မဲ လုံးဝမပေးတော့ပါဘူး” လို့ အောင်မေတ္တာရပ်ကွက်နေ ကိုကျော်စိုးတင့် က ပြောပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ ပါတီဝင်အချို့နဲ့ ဒေသခံပါတီအားပေးထောက်ခံသူတွေက ကိုယ်စားလှယ်လောင်း စာရင်းကို ပြန်လည်ပြင်ဆင်ပေးဖို့ စုပေါင်းလက်မှတ်ရေးထိုးကာ ပါတီဗဟိုသို့ ပေးပို့တောင်းဆိုသွားမယ်လို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.