မော်လမြိုင် ၊ ဇူလိုင် ၂၄
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဇူလိုင်လ (၂၄) ရက်နေ့အထိ လာရောက်တင်သွင်းတဲ့ ပါတီ မရှိသေးဘူးလို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောပါတယ်။
လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇူလိုင်လ (၂၀) ရက်နေ့မှာ စတင် တင်သွင်းလို့ရပြီး ဩဂုတ်လ (၇)ရက်နေ့မှာ အပြီးသတ်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။
ကော်မရှင်အနေနဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတာကို လက်ခံပေးဖို့ အဆင်သင့်ပြင်ဆင်ထားပေမယ့် အခုချိန်ထိ လာရောက်တင်သွင်းတဲ့ ပါတီ မရှိသေးဘူးလို့ ဆိုပါတယ်။
“မွန်ပြည်နယ်မှာ မနေ့ကထိ ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းတာ မရှိသေးဘူး။ ရုံးပိတ်ရက်တွေမှာလည်း အမည်စာရင်း တင်သွင်းတာကို လက်ခံပေးနေပါတယ်။ ကော်မရှင်တစ်ခုတည်းတင် မဟုတ်ဘူး တရားရုံးနဲ့ဘဏ်တွေပါ ရုံးပိတ်ရက်မှာ ဖွင့်ထားပြီး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” လို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။
တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဩဂုတ်လ (၁၀) ရက်နေ့အထိ ပြန်လည် ရုတ်သိမ်းနိုင်ပြီး ကော်မရှင်အနေနဲ့ ကိုယ်စားလှယ်လောင်း စီစစ်တာကိုတော့ ဩဂုတ်လ (၁၁) ရက်နေ့ကနေ (၁၇)ရက်နေ့ အထိ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ အမျိုးသားလွှတ်တော် (၁၂)နေရာ ၊ ပြည်သူ့လွှတ်တော် (၁၀) နေရာ ၊ ပြည်နယ်လွှတ်တော် (၂၀) နေရာနဲ့ ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် (၃) နေရာ စုစုပေါင်း (၄၅) နေရာကို ဝင်ရောက် ယှဉ်ပြိုင်ရာမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ကြေညာထားပြီး ပြည်နယ်အတွင်း နောက်ထပ် အင်အားကြီး ပါတီတွေ ဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ကတော့ မကြာမီရက်ပိုင်းမှာ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ကြေညာသွားမယ်လို့ ဆိုပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကိုတော့ ဇူလိုင်လ (၂၅) ရက်နေ့က စတင် ကပ်ထား ကြေညာသွားမှာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်