မော်လမြိုင်၊ မေ ၂၂

ဈေးသူဈေးသားများ၏ ဆန္ဒသဘောထားများ ကြိုတင်ရယူခြင်းမရှိဘဲ ဆောင်ရွက်နေသည့် ပြည်နယ်အစိုးရ၏ ဈေးဖွံ့ဖြိုးရေးလုပ်ငန်းများ ကန့်ကွက်မှုကို ရင်ဆိုင်နေရကြောင်း သိရသည်။

ဘဏ္ဍာငွေ ကျပ်သန်း(၁၆၀၀)ကျော်အသုံးပြု၍ မော်လမြိုင်မြို့ပေါ် ရပ်ကွက်ဈေးလေးခုနှင့် ကျိုက်မရော မြို့မဈေးတို့ကို အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်သွားရန် ပြည်နယ်အစိုးရမှ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ရွှေမြိုင်သီရိဈေး နှင့် မြိုင်သာယာဈေးတို့ကို အဆင့်မြှင့်တင်မည့် စီမံကိန်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရမှ ဈေးသူဈေးသားများအား ပွင့်လင်းစွာ မချပြသည့်အတွက် ဈေးဆိုင်ခန်းပိုင်ရှင်များက ကန့်ကွက်နေကြတာ ဖြစ်ကြောင်း သိရသည်။

“ မိုးတွင်းရောက်ခါနီးမှ အန်တီတို့ကို ကြိုတင်အသိမပေးဘဲ ဈေးဖျက်မယ်ဆိုတော့ အန်တီတို့ တော်တော်လေးကို အခက်အခဲဖြစ်ပါတယ် စည်ပင်နဲ့ဈေးသူဈေးသားတွေက အမြဲဆွေးနွေးညှိနှိုင်းနေရပါမယ် အခုက သူတို့လုပ်ချင်ရာလုပ်မယ်ဆိုပြီး အာဏာသုံးပြီး ဖိနှိပ်တာပါပဲ ဒါကြောင့် အန်တီတို့ကန့်ကွက်ပါတယ် “ ဟု ရွှေမြိုင်သီရိဈေးမှ ဈေးဆိုင်ခန်းပိုင်ရှင် ဒေါ်မိမိထွန်းက ပြောသည်။

ယင်းဈေးကို အဆင့်မြှင့်တင်နေချိန်တွင် မိုးတွင်းကာလ ရေဝပ်သည့်နေရာ၌ ယာယီဈေးသတ်မှတ်ထားခြင်း ၊ ဈေးအသစ်တွင် ၎င်းတို့ဆိုင်ခန်းများ ပြန်လည်ရရှိမည့် အချိန်ကို ပွင့်လင်းစွာမသိရခြင်းတို့ကြောင့် ဈေးသူဈေးသားများက စိုးရိမ်နေကြခြင်း ဖြစ်သည်။

ထို့အပြင် ရွှေမြိုင်သီရိဈေးအား ဖျက်သိမ်း၍ ဈေးသစ်ဆောက်လုပ်ရန် စီစဉ်နေတာကို ကန့်ကွက်ကြောင်း စာကို ဈေးဆိုင်ခန်းပိုင်ရှင် (၁၂၉)ဦးမှ လက်မှတ်ရေးထိုး၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် စည်ပင်သာယာရေးဝန်ကြီးထံသို့ မေလ (၁၃)ရက်နေ့က ပေးပို့ခဲ့ကြောင်း သိရသည်။

“ ကျွန်မတို့ဈေးအသစ်ကို မလိုချင်တော့ပါဘူး အကောင်းအတိုင်းရှိနေတဲ့ ကျွန်မတို့ဈေးအဟောင်းမှာပဲ ဆက်လက်ရောင်းချင်ပါတယ်” ဟု ရွှေမြိုင်သီရိဈေးမှ ဆိုင်ခန်းပိုင်ရှင် ဒေါ်အေးအေးစိုးက ပြောသည်။

အလားတူပင် မြိုင်သာယာဈေးတွင် ရောင်းချနေသည့် ဆိုင်ခန်းပိုင်ရှင်များမှလည်း ဈေးအားအဆင့်မြှင့်တင်မည့် လုပ်ငန်းအား အချိန်ရွှေ့ဆိုင်းပေးရန် တောင်းဆိုထားကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။

ကြိုတင်အသိပေးထားခြင်းမရှိသည့်အတွက် ဈေးအသစ်တည်ဆောက်မည်ဆိုပါက မိုးတွင်းကာလအတွင်း ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမည်ကို စိုးရိမ်၍ အချိန်ရွှေ့ဆိုင်းပေးရန် ပြည်နယ်အစိုးရထံ ဧပြီ ၂၆ရက်နေ့က စာပေးပို့ တောင်းဆိုခဲ့ကြသည်ဟု ၎င်းတို့ကပြောသည်။

“ ဈေးအသစ်တော့ လိုချင်ကြတယ် ဒါပေမယ့် မိုးတွင်းဖြစ်တော့ ဈေးသူဈေးသားတွေ ဒုက္ခရောက်မှာစိုးလို့ အချိန်ရွှေ့ဆိုင်းပေးစေချင်တယ်” ဟု မြိုင်သာယာဈေးမှ ဆိုင်ခန်းပိုင်ရှင် ဒေါ်မြမြစန်းက ပြောသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ကာလဖြစ်သည့် စက်တင်ဘာလ မကုန်ခင်တွင် ဈေးများအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အပြီးသတ်နိုင်ရန် စီစဉ်နေကြတာလည်း ဖြစ်သည်။

မော်လမြိုင်မြို့ပေါ်ရှိ ဈေးများအားအဆင့်မြှင့်တင်နိုင်ဖို့အတွက် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့်ကို မေလ ၉ရက်နေ့မှာ ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့တာဖြစ်ပြီး ဘီးလင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ပေါင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တို့မှလည်း ၎င်းတို့၏မြို့နယ်ရှိ ဈေးများကို အဆင့်မြှင့်တင်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဒိုင်းဝန်ကွင်းဈေးကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပြီး တစ်နှစ်နှင့်ကိုးလ ကြာမြင့်သည်တိုင် ဈေးသူဈေးသားများမှာ ဆိုင်ခန်းပြန်လည်မရရှိသေးပေ။

သတင်း – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.