မော်လမြိုင်၊ ဒီဇင်ဘာ ၁၁

မွန်ပြည်နယ်တွင် ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ်တို့၌ လူ့အခွင့်အရေးချိုးဖောက်ခံရမှုမှာ အများဆုံးဖြစ်ပေါ်နေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှထုတ်ဝေသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ပွားလေ့ရှိသည့် ပေါင်မြို့နယ်၊ကျိုက်မရောမြို့နယ် ၊ ချောင်းဆုံမြို့နယ် ၊မုဒုံမြို့နယ် ၊ သံဖြူဇရပ်မြိုကနယ် ၊ ရေးမြို့နယ် တို့တွင် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်မှ စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

လူ့အခွင့်အရးအများဆုံးချိုးဖောက်ခံရသည့် ကိစ္စရပ်များမှာ မြေယာပြဿနာ ၊ လိင်အကြမ်းဖက်ခံရမှု ၊ ဥပဒေမဲ့သတ်ဖြတ်ခြင်းများ ဖြစ်သည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်မှ Program Coordinator ဗညားအက်ဗန်က ပြောသည်။

“လူအယောက် ၅၀၀ ကျော်မှာ ၂၀၀ ကျော်က အစိုးရဝန်ထမ်းတွေပါမယ်။ CSO တွေ နိုင်ငံရေးအဖွဲ့အစည်းကလူတွေပါတယ်။ တစ်ဝက်လောက်က လူ့အခွင့်အရေးဆိုတာကို မကြားဖူးဘူးဆိုတဲ့ တုံ့ပြန်မှုတွေရရှိတယ်။ ကျွန်တော်တို့လုပ်တဲ့မြို့နယ် (၆)မြို့နယ်မှာလည်းလူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်ခဲ့ကြတယ်။လယ်ယာမြေပြဿနာ လိင်အကြမ်းဖက်ခံရမှု ဥပဒေပြင်ပမှသတ်ဖြတ်ခံရမှုတွေပေါ့။ အဖြစ်များဆုံးကတော့ ကျိုက်မရောနဲ့ရေးပေါ့ “ ဟု ဗညားအက်ဗန်က ပြောသည်။

လူအခွင့်အရေးချိုးဖောက်ကြသူများမှာ ၂၀၁၀ခုနှစ်မတိုင်ခင်တွင် တပ်မတော်မှ တပ်ဖွဲ့ဝင်လူကြီးများ ၊ ကျေးရွာဥက္ကဌများ အာဏာသုံး၍ချိုးဖောက်ခဲ့ကြပြီး ၂၀၁၀ခုနှစ်နောက်ပိုင်းတွင် ချိုးဖောက်သူတို့မှာ စီးပွားရေးလုပ်ငန်းရှင်ပုဂ္ဂိုလ်တွေပါ ပါဝင်လာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

“စစ်တမ်းမှာဖြေကြားချက်အရ လူ့အခွင့်အရေးချိုးဖောက်သူတွေရဲ့ သုံးပုံတစ်ပုံဟာ တပ်မတော်ပါမယ်။ ဌာနာဆိုင်ရာတွေပါမယ် အဓိကတော့ အာဏာပိုင်တွေပေါ့ ပြည်သူလူထုအချင်းချင်းမဟုတ်ပဲ “ ဟု ဗညားအက်ဗန်က ပြောသည်။

ဒေသတွင်း၌ စီမံကိန်းလုပ်ငန်းများဖော်ဆောင်ရာတွင် လုပ်ငန်းရှင်တွေက ဥပဒေအသိအားနည်းသည့် ပြည်သူများထံမှ လယ်ယာမြေသိမ်းဆည်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေည့် စက်ရုံများတည်ဆောက်မှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်စေသည်ဟု ဖော်ပြထားသည်။

“ဒီစီမံကိန်းတွေဟာ ပြည်ထောင်စုအဆင့်ကတိုက်ရိုက်ကိုင်တွယ်တယ်။ ဒါကြောင်ပြည်နယ်အစိုးရရော ပြည်နယ်လွှတ်တော်ရောက သွားပြောလို့မရဘူး။ အချိူ့ MCL ကိစ္စတွေကျတော့ ပြည်နယ်အစိုးရရော လွှတ်တော်ရော မသိကြရဘူး။ ပြည်ထောင်စုဆီကတိုက်ရိုက်လာတာဖြစ်လို့ ပြည်ထောင်စုအဆင့်ဆို ပြည်သူလူထုတွေက လက်လှမ်းမမှီတော့ဘူး “ဟု ဗညားအက်ဗန်က ပြောသည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှထုတ်ဝေသည့် “ဘာများပြောင်းလဲနေလို့လဲ “ ဟုအမည်ပေးထားသော အစီရင်ခံစာကို မြို့နယ် (၆)မြို့နယ်ရှိ ဒေသခံပြည်သူ ( ၅၆၃) ဦးထံမှ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် အချက်အလက်များကို စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏မူလအခွင့်အရေးကိုကာကွယ်ရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကို ၂၀၁၄ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ယင်းဥပဒေအရ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို အဖွဲ့ဝင် (၁၁)ဦးဖြင့် ၂၄.၉.၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

သတင်းနှင့် ဓါတ်ပုံ – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.