ရေး ၊ ဖေဖေါ်ဝါရီ ၁၉

ရေးမြို့နယ်တွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလားရပ်ကွက်ပေါင်းစုံကြက်တောင်ရိုက်ပြိုင်ပွဲကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ရက်နေ့အထိ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊
မိုးလုံလေလုံပြည်သူ့အားကစားရုံတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

၇၁ နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်ကျင်းပခဲ့သော အဆိုပါပြိုင်ပွဲတွင် ရပ်ကွက် ၇ ရပ်ကွက်မှ အသင်းပေါင်း ၁၇ သင်းမှ သက်ကြီးလူဟောင်းတန်းနှစ်ယောက်တွဲနှင့် အမျိုးသားအမျိုးသမီး Mix Double နှစ်ယောက်တွဲပြိုင်ပွဲများပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

” မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ငွေကျပ် ၂ သိန်းမတည်ပေးတယ်၊ မြို့မှာရှိတဲ့ကြက်တောင်ဝါသနာရှင်တွေရဲ့စုပေါင်းထည့်ဝင်ငွေရယ်၊ လူငယ်တွေရဲ့အားတွေရယ်စု ပေါင်းပြီး ပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ခဲ့တာပါ၊ တိမ်မြှုပ်ပျောက်ကွယ်နေတဲ့ကြက်တောင်အားကစားကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့
ယခုလိုကျင်းပရတာပါ ” ဟု ရေးမြို့နယ်ကြက်တောင်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးရဲသီဟထွန်းက ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ ညပိုင်းက ပြောကြားသည်။

ရေးမြို့နယ်တွင် ကြက်တောင်ရိုက်အားကစားနည်းကို ၁၉၅၀ ခုနှစ်ခန့်ကတည်းကစတင်ကစားလာခဲ့ပြီး မြို့နယ်အဆင့်ပြိုင်ပွဲများမကျင်းပဖြစ်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ခန့်ပင်ရှိပြီဖြစ်ကြောင်း၊ ပြီးခဲ့သော ၂ နှစ်ကျာ်ခန့်ကစတင်ကာ စိတ်ပါဝင်စားသောလူငယ်များ ပါဝင်ကစားလာပြီး ပြန်လည်ထွန်းကားလာသည့်အတွက် ဝမ်းသာကြောင်း အသက် ၈၄ နှစ်အရွယ်
ကြက်တောင်အားကစားသမားဟောင်းတစ်ဦးဖြစ်သူ ဦးချစ်စံက ပြောကြားသည်။

” အားကစားဌာနအနေနဲ့ ကြက်တောင်ရိုက်အားကစားမှာ
ပံ့ပိုးမှုအားနည်းနေပါသေးတယ်၊ အစဉ်အလာရှိခဲ့တဲ့
ရေးမြို့ရဲ့ကြက်တောင်ရိုက်အားကစားနည်းကို လူငယ်လေးတွေရဲ့ဦးဆောင်မှုနဲ့ ခုအရင်ကကစားခဲ့တဲ့ လူဟောင်းတွေလဲပါလာတယ်၊ မျီုးဆက်သစ်တွေလဲစိတ်ပါဝင်စားကစားလာကြလို့ မွန်ပြည်နယ်အဆင့်မှာတော့ မကြာခင်အလယ်အလတ်အဆင့်ကနေ ထိပ်ပိုင်းအဆင့်ထိ တိုးတက်လာမှာပါ၊ စိတ်ကြွဆေးပြားတွေများနေတဲ့ခေတ်မှာ ခုလို လူငယ်တွေအနေနဲ့ အားကစားဘက်ကို အာရုံရောက်တာက ကောင်းတဲ့ရလဒ်ပါ၊ တာဝန်ရှိသူတွေရဲ့ပံ့ပိုးမှုပဲလိုအပ်တာပါ ”လို့ု ကြက်တောင်ရိုက်အားကစားသမားတစ်ဦးကမှတ်ချက်ပြုသည်။

ကြက်တောင်ရိုက်အားကစားနည်းပြန်လည်ထွန်းကားလာစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဦးဆောင်ကျင်းပပေးရန်စီစဉ်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့်
ဖိတ်ခေါ်ပြိုင်ပွဲများကိုလည်း ရံပုံငွေရရှိမှုအပေါ်မူတည်ကာ
စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းရေးမြို့နယ်ကြက်တောင်ဆပ်ကော်မတီထံက သိရသည်။

သတင်းနှင့် ဓါတ်ပုံ – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.