ရေး ၊ ဖေဖေါ်ဝါရီ ၇
မွန်ပြည်သစ်ပါတီအနေဖြင့် လာမည့် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် လားဟူဒီမိုကရက်တစ်ယူနီယံတို့နှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး အဆိုပါလက်မှတ်ရေးထိုးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင် PC နှင့် UNFC ၏နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ ဆွေးနွေးညှိနှိုုင်းခဲ့ကြသည့် သဘောတူညီချက် ၈ ချက်ကို တစ်ပါတည်းလက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောကြားသည်။
” သဘောတူညီချက် ၈ ချက်ကိုပါ တစ်ပါတည်းလက်မှတ်ရေးထိုးသွားမယ်၊ လက်မှတ်ထိုးပြီးနောက်ပိုင်းမှာ လူထုတွေ့ဆုံပွဲတွေကျင်းပမယ်၊ ပြည်သူလူထုအသံတွေကိုယူမယ် ပြီးရင် အဆင့်ဆင့် ပင်လုံအထိပေါ့၊ ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲကို မော်လမြိုင်မှာလုပ်ဖို့ လောလောဆယ်လျာထားပါတယ်၊ အတိအကျတော့မသတ်မှတ်ရသေးပါဘူး ”’ ဟု နိုင်အောင်မငေးက ပြောသည်။
ဖေဖေါ်ဝါရီလ ၈ ရက်နေ့က ရေးမြို့၊ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် တပ်မတော်မှ ကစထမှူး ဗိုလ်ချုပ်ကြီးမင်းနောင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်း၊ မွန်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦး၊ စကခမှူးတို့နှင့် မွန်ပြည်သစ်ပါတီစစ်ဦးစီးချုပ် နိုင်လယီကောင်းအပါအဝင် မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့နှင့်တွေ့ဆုံခဲ့ပြီး နှစ်ဖက်တပ်ရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
NCA လက်မှတ်ရေးထိုးပွဲကို ယခုလ ၁၃ ရက်နေ့တွင် နေပြည်တော် MICC-II တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ယခုလ ၅ ရက်နေ့က ပြောဆိုထားသည်။
သတင်း – ရဲနိုင်